ရှေ့သို့
Image

အေဘရာမိုဗစ်ရဲ့ ကြေညာချက်နဲ့ ပက်သက်ပြီး ချဲလ်ဆီးကို ဝေဖန်လိုက်တဲ့ မီကာရစ်ချက်

8:08 PM, 27 February

မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချက်ကတော့ ချဲလ်ဆီးဖောင်ဒေးရှင်းထံ အသင်းကို လွှဲပြောင်းပေးသွားတဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ရဲ့ ကြေညာချက်ကို ဝေဖန်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ချဲလ်ဆီးအသင်းပိုင်ရှင်ဖြစ်လာတဲ့ အေဘရာမိုဗစ်ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်စစ်စတင်ခဲ့ပြီးနောက်မှာ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အေဘရာမိုဗစ်ကိုလည်း ယူကေအစိုးရက ပြည်ဝင်ခွင့်ပိတ်ထားတာကြောင့် လက်ရှိအခြေအနေက မရှင်းလင်းသေးတဲ့ အနေအထား ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ အေဘရာမိုဗစ်က “ ချဲလ်ဆီးအသင်းရဲ့ အသင်းပိုင်ရှင်အဖြစ်နဲ့ နှစ် ၂၀ နီးပါး ကျွန်တော်ရှိခဲ့ပါတယ်။ အသင်းကောင်းကျိုးအတွက်ပဲ ကျွန်တော်အမြဲတမ်း ကြည့်ခဲ့ပါတယ်။ တစ်နေ့ ကျွန်တော်တို့ အောင်မြင်ရမယ်ဆိုတဲ့ စိတ်ပဲရှိခဲ့ပါတယ်။ 

အဓိကကတော့ အနာဂတ်အတွက် အသင်းကို တည်ဆောက်တယ်၊ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော့်အသင်းဟာ အမြဲတမ်းအကောင်းဘက်က ရှိနေရမယ်။ ချဲလ်ဆီးအသင်းရဲ့ အဓိကဆုံးဖြတ်ချက်အားလုံးကို ကျွန်တော်ပဲ အမြဲတမ်းချမှတ်ပါတယ်။ ဒီအသင်းကိုလည်း အရမ်းတန်ဖိုးထားတယ်။ အဲ့ဒါကြောင့် ဒီနေ့ ကျွန်တော့်အသင်းရဲ့ လုပ်ငန်းကိစ္စအ၀၀ကို ချဲလ်ဆီးပရဟိတဖောင်ဒေးရှင်းက ကျွန်တော်ယုံကြည်ရသူတွေဆီကို လွှဲပြောင်းပေးလိုက်ပါတယ်။ အသင်းနဲ့ ပက်သက်သမျှအရာအားလုံးကို သူတို့တွေ အကောင်းဆုံး ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ် ” ဆိုပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် မန်စီးတီးနောက်ခံလူဟောင်း ရစ်ချက်ကတော့ အေဘရာမိုဗစ်ရဲ့ ကြေညာချက်ဟာ မပြတ်သားဘူးလို့ ပြောခဲ့ပါတယ်။ ရစ်ချက်က “ ဒီထက်ပိုတိကျတဲ့ ကြေညာချက်မျိုးလိုပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက ယူကရိန်းနိုင်ငံရဲ့ ဒုက္ခတွေကို ကျွန်တော်တို့ မြင်ခဲ့ပြီးပါပြီ။ ဒါနဲ့ပဲ ကြေညာချက်လေးတစ်ခုထုတ်ပြီး အသင်းကို ပရဟိတအဖွဲ့ဆီ ပေးလိုက်တယ်လို့ ပြောတာလား။ နည်းလွန်းမနေဘူးလား။

သူတို့ ဒီထက်ပိုပြီး လုပ်နိုင်တယ်ထင်တာပဲ အဲ့တော့ မေးစရာမေးခွန်းတွေ အများကြီးရှိနေပြီ။ ဒီကြေညာချက်က ဘာအဓိပ္ပာယ်လဲ။ ဖတ်ကြည့်လိုက်ရင် ဒီကြေညာချက်က ကုဒ်နဲ့ရေးထားသလိုပဲ ဆိုလိုတာက “ ငါတို့ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲ မပြောချင်ဘူး၊ ဒါတင်၊  ဒါဖတ် လျှောက်မတွေးနဲ့ ဒီထဲကအတိုင်း အတိအကျပဲမှတ် ” ဆိုတဲ့ သဘောဖြစ်နေတယ် ” လို့ ပြောခဲ့ပါတယ်။ ရစ်ချက်က အသင်းကို လွှဲပြောင်းလိုက်တယ်ဆိုရင်လည်း ပရဟိတအဖွဲ့ဖြစ်တဲ့အတွက် မိုဗစ်ရဲ့ အထောက်အပံ့နဲ့သာ ရပ်တည်နေရဦးမှာဖြစ်လို့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ မကိုက်ညီဘူးလို့ ယူဆနေပုံပါပဲ။ တယ်လီဂရပ်ရဲ့အဆိုအရလည်း အေဘရာမိုဗစ်ဟာ ချဲလ်ဆီးအသင်းပိုင်ရှင်အဖြစ်နဲ့ ဆက်ရှိနေဦးမှာဖြစ်သလို အသင်းကိုလည်း ရင်းနှီးမြှုပ်နှံပေးနေဦးမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #မီကာရစ်ချက်