ရှေ့သို့
Image

နည်းပြအဖွဲ့ဝင်၁ဦးနဲ့ ပြဿနာ ဖြစ်ခဲ့တာကြောင့် အူဘာမီယန်း ထွက်ခွာခဲ့တယ်လို့ မာဂယ်ဟေးစ်အတည်ပြု

3:11 PM, 27 February

အာဆင်နယ်နောက်ခံလူ ဂါဘရီရယ် မာဂယ်ဟေးစ်က တိုက်စစ်မှူး အူဘာမီယန်းဟာ နည်းပြအဖွဲ့ဝင်တစ်ဦးနဲ့  ပြဿနာဖြစ်ခဲ့တာကြောင့် အသင်းက ထွက်ခွာခဲ့တာလို့ အတည်ပြုခဲ့ပြီး ကစားသမားတွေက ဂါဘွန်သားကို အသင်းမှာ ဆက်ရှိစေချင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

အူဘာမီယန်းဟာ ဖောဖော်ဝါရီလအစက အမ်းမရိတ်ကနေ ကလပ်နဲ့ ၂ဦးသဘောတူ စာချုပ်ဖျက်သိမ်းကာ ထွက်ခွာခဲ့ပြီးနောက် ဘာစီလိုနာနဲ့ ပူးပေါင်းခဲ့ပါတယ်။

အူဘာမီယန်းဟာ နည်းပြ အာတီတာ အသင်းခေါင်းဆောင်ရာထူးက ဖယ်ရှားခဲ့တဲ့ ဒီဇင်ဘာ ၆ရက်နေ့ကနေ စတင်ကာ ဂန်းနားတွေအတွက် ကစားပေးရခြင်း မရှိတော့ပါဘူး။

အာတီတာနဲ့ အူဘာမီယန်းကြား ပြဿနာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေ ရှိခဲ့ပြီး ယခုအချိန်မှာတော့ မာဂယ်ဟေးစ်က အဆိုပါသတင်းအမှန်ဆိုတာ အတည်ပြုခဲ့ဟန် ရှိပါတယ်။

မာဂယ်ဟေးစ်က “အူဘာမီယန်းက ကျွန်တော့်နှလုံးသားထဲမှာ ရှိနေပြီး ကျွန်တော်တို့အားလုံး သူ့ကို အာဆင်နယ်မှာ ဆက်ရှိစေချင်ခဲ့ပါတယ်။ သူနဲ့ နည်းပြအဖွဲ့ဝင်ကြား တစ်ခုခုဖြစ်ခဲ့ပုံရပြီး အခြားကစားသမားတွေတော့ အဲ့ဒီထဲ ပါဝင်ခဲ့တာ မရှိပါဘူး”

“သူမထွက်ခင် ကျွန်တော် သူ့ကို နှုတ်ဆက်ခဲ့ပြီး သူ ဘာစီလိုနာမှာ ပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်။ သူက တကယ့် နှလုံးသားကောင်းနဲ့ လူကောင်း၁ဦးဖြစ်ပြီး သူ့ကို ကျွန်တော် အရမ်းနှစ်သက်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အူဘာမီယန်းဟာ အာဆင်နယ်အတွက် ၁၆၃ပွဲကစားပြီး ၉၂ဂိုး သွင်းပေးခဲ့ပေမဲ့ စည်းကမ်းချိုးဖောက်မှုတွေက အရိပ်မည်းတစ်ခုလို ဖြစ်နေခဲ့ပါတယ်။

ဂါဘွန်သားဟာ ကိုဗစ်စည်းမျဉ်းကို ချိုးဖောက်ပြီး တက်တူးထိုးခဲ့သလို အသင်းနဲ့ ပူးပေါင်းဖို့ကိုလည်း အခြေအနေအမျိုးမျိုးနဲ့ နောက်ကျခဲ့ပါတယ်။

အူဘာမီယန်းဟာ ဘာကာအတွက် စတင်ပွဲထွက်ခဲ့တဲ့ ဗလန်စီယာနဲ့ပွဲစဉ်မှာ ခြေစွမ်းပြပြီး ဟက်ထရစ် သွင်းနိုင်ခဲ့ပါတယ်။

အလားတူ နာပိုလီကို ၄-၂ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲစဉ်မှာလည်း အသင်းအတွက် သွင်းဂိုး၁ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

#အာဆင်နယ် #ဗလန်စီယာ #မာဂယ်ဟေးစ် #အူဘာမီယန်း