ရှေ့သို့
Image

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းက မိသားစုကို ဇင်ချန်ကို စိတ်ပူနေတယ်လို့ ဂွါဒီယိုလာ ဖွင့်ဟလာ

9:50 AM, 26 February

ပက် ဂွါဒီယိုလာက အိုလက်ဆန်ဒါ ဇင်ချန်ကိုအနေနဲ့ စစ်ပွဲဖြစ်နေတဲ့ မွေးရပ်မြေ ယူကရိန်းက မိသားစုအတွက် စိတ်ပူနေကြောင်း ပြောလာခဲ့ပါတယ်။

မန်စီးတီးနည်းပြက ယူကရိန်သားဟာ ရုရှားရဲ့ ကျူးကျော်မှုကြောင့် နိုင်ငံအတွင်း ကျန်နေတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် စိတ်ပူနေကြောင်း ဝန်ခံခဲ့ပေမဲ့ အဲဗာတန်နဲ့ပွဲမှာတော့ မန်စီးတီးအတွက် ဆက်လက်ပေးဆပ်ကစားသွားဖို့ အသင့်ဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။ ရာဒိုမိုင်ရှယ်ပြည်နယ် ယူကရိန်းမှာ မွေးဖွားခဲ့တဲ့ မန်စီးတီးနောက်ခံလူအနေနဲ့ ပူတင်ရဲ့ ကျူးကျော်မှုအပေါ် ရှုတ်ချကြောင်းလည်း အင်စတာရမ်မှာ သဘောထားဖော်ပြခဲ့ပါတယ်။

ဂွါဒီယိုလာက “သူ စိတ်ပူနေပါတယ်။ သူ့မိသားစုနဲ့ သူငယ်ချင်းတွေ အဲ့ဒီမှာ ရှိနေပါတယ်။ ခင်ဗျားနိုင်ငံက အပြစ်မဲ့ပြည်သူတွေကို သတ်နေရင် ခင်ဗျားဘယ်လိုခံစားရမလဲ”“ကျွန်တော်တို့ မွေးဖွားခဲ့တဲ့ နိုင်ငံအပေါ် ခံစားချက်တွေ ရှိကြပါတယ်။ အဲ့ဒီလိုပဲ သူလည်း ခံစားနေရမယ်လို့ ထင်ပါတယ်။ အသင်းနဲ့ ကစားသမားတွေကလည်း သူ့နည်းတူပဲ ခံစားနေရမှာပါ”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက “သူ လက်ရှိမှာတော့ အကောင်းဆုံး အခြေအနေမှာ မရှိပါဘူး။ ကျွန်တော်တို့ သူ့ကို ကျိန်းသေကူညီသွားမှာပါ။ အခုကသူနဲ့ သူ့မိသားစုအတွက် ခက်ခဲတဲ့အချိန်ဖြစ်ပြီး အဲ့ဒါကို ကျွန်တော်တို့ လေးစားရပါမယ်”လို့ ဆိုခဲ့ပါတယ်။

တစ်ဖက်မှာလည်း အဲဗာတန်နည်းပြ လမ်းပတ်က ယူကရိန်းနောက်ခံလူ မိုင်ကိုလန်ကိုအား အသင်းက အစွမ်းကုန် အားပေးသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လမ်းပတ်က “သူ အဆင်ပြေပါတယ်။ ကျွန်တော် သူနဲ့ စကားပြောခဲ့သလို အသင်းကလည်း ဆွေးနွေးခဲ့ပါတယ်။ သူ့ကို အားလုံးက အားပေးကြပါတယ်။ သူ့ကို အားပေးနေကြတယ်ဆိုတာလည်း သူသိပြီး အဲ့ဒီလိုသိဖို့လည်း အလွန်အရေးကြီးပါတယ်”လို့ ဆိုခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဇင်ချန်ကို