ရှေ့သို့
Image

ရက်ရှ်ဖို့ဒ်က လက်ရှိ ယူနိုက်တက်က သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်ခြင်းမရှိလို့ ရန်းနစ်ဆို

9:34 AM, 26 February

ရက်ဖ် ရန်းနစ်က ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ လက်ရှိ ခြေစွမ်းတွေအပေါ် ကျေနပ်နေခြင်း မရှိဘူးလို့ ဆိုခဲ့ပြီး ဆန်ချိုကို ဥပမာယူကာ အကောင်းဆုံးပုံစံ ပြန်ရအောင်လုပ်ဖို့ စိန်ခေါ်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဂိုးမသွင်းနိုင်တာ ၁လကျော်ပြီဖြစ်ပြီး အက်သလက်တီကိုနဲ့ သရေပွဲတုန်းကလည်း အစောကြီး လူစားလဲခံခဲ့ရပါတယ်။ ၂၄နှစ်သားဟာ ကွင်းပြင်အလုပ်တွေနဲ့ ရုန်းကန်နေရတယ်၊ ဒဏ်ရာနဲ့ ကစားနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ရန်းနစ်ကတော့ အဆိုပါသတင်းတွေကို ပယ်ချသွားခဲ့ပါတယ်။

ရန်းနစ်က “သူလုံး၀ဒဏ်ရာရခြင်း မရှိပါဘူး။ သူ ပခုံးနဲ့ပတ်သက်ပြီး ဘာခံစားမှုမှ မရှိတော့ပါဘူး။ မားကပ်စ်အကြောင်း ပြီးခဲ့တဲ့အပတ်တွေတုန်း ကျွန်တော်တို့ တော်တော်လေး ပြောခဲ့ရပြီး သူနဲ့လည်း ကိုယ်တိုင်ဆွေးနွေးပြီးပါပြီ။ ဒဏ်ရာအကြောင်း ပြောစရာဘာမှ မရှိပါဘူး”“ကွင်းထဲမှာ သူအားလုံးလိုပဲ ကစားနေခဲ့တာဖြစ်ပြီး အက်သလက်တီကိုနဲ့ပွဲမှာလည်း ပွဲထွက်ခဲ့ကာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ဖို့ပဲ လိုပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကို သူမကျေနပ်ဘူးဆိုတာ သေချာပေမဲ့ ကျွန်တော်တို့ အဲ့ဒီအကြောင်း အပတ်အတိုင်း ပြောနေတာက သူ့ကို ကူညီရာ မရောက်ပါဘူး”

“သူ မပျော်ရွှင်နိုင်တဲ့ အကြောင်းအရင်း တစ်ခုမှ ကျွန်တော်တစ်ခုမှ မတွေ့ပါဘူး။ အခုအပတ်တွေ၊ လတွေအတွင်း ကျွန်တော်တို့ ရလဒ်ပိုင်းက ကောင်းမွန်လာပါတယ်။ အသင်းကိုယ်တိုင်လည်း ကောင်းမွန်တဲ့ အနေအထားတစ်ခုမှာ ရှိနေပါတယ်”လို့ ပြောခဲ့ပါတယ်။

ရက်ရှိဖို့ဒ်ရဲ့ လက်ရှိစွမ်းဆောင်ရည် ကျဆင်းမှုကြောင့် မတ်လ ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်တို့နဲ့ ကစားမယ့် အင်္ဂလန်လူစာရင်းနဲ့ လွဲချော်ဖွယ် ရှိနေခဲ့ပါတယ်။ တစ်ဖက်မှာတော့ တောင်ပံကစားသမား ဆန်ချိုက ယခုနှစ်စကနေ စတင်ကာ ခြေစွမ်းအထူးကောင်းမွန်လာပြီး ရန်းနစ်က ရက်ရှ်ဖို့ဒ်လည်း အလားတူ ခြေတက်လာမယ်လို့ ယုံကြည်နေပါတယ်။

ရန်းနစ်က “အခု ရက်ရှ်ဖို့ဒ် အကောင်းဆုံး အခြေအနေနဲ့ စွမ်းဆောင်ရည်ကို ရှာဖွေနေပြီး အဲ့ဒါကို ကျွန်တော်တို့က အတတ်နိုင်ဆုံး ကူညီပေးဖို့ပဲ လိုပါတယ်။ သူ့ကို ဗီဒီယိုမှတ်တမ်းတွေ ပြတယ်၊ ပုံမှန်ဆွေးနွေးတယ်၊ လေ့ကျင့်ရေးကွင်းမှာဆို သူ ထိပ်တန်းခြေစွမ်း ရပါတယ်”

“ဒါကြောင့် ကျွန်တော် သူ့ကို ထည့်ကန်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုတော့ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်ကို ပြိုင်ပွဲတွေမှာ ပြသဖို့လိုပြီး အဲ့ဒါက သူလုပ်ရမယ့် နောက်တစ်ဆင့်ပါပဲ။ ဆန်ချိုနဲ့ ပတ်သက်ပြီးလည်း လွန်ခဲ့တဲ့ ၆ပတ်၊ ၇ပတ်လောက်တုန်းက အလားတူ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။ သူက စွမ်းဆောင်ရည်ကောင်းဖို့လိုတဲ့ ကစားသမား၁ဦး ဘာဖြစ်လာနိုင်တယ်ဆိုတဲ့ ဥပမာဖြစ်ပြီး ရက်ရှ်ဖို့ဒ်ကလည်း အလားတူ အခြေအနေမှာပါပဲ”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရက်ရှ်ဖို့ဒ် #ရန်းနစ်