ရှေ့သို့
Image

ရုရှားရဲ့ ကျူးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းကို ဝိုင်းဝန်းကူညီပေးဖို့ ရှက်ဗ်ချန်ကို တောင်းဆို

11:30 AM, 25 February

ယူကရိန်း အသင်းခေါင်းဆောင်ဟောင်းနဲ့ နည်းပြဟောင်းဖြစ်တဲ့ အန်ဒရီရှက်ဗ်ချန်ကိုက အိမ်နီးချင်း ရုရှားနိုင်ငံရဲ့ကျူးကျော်ခြင်းခံနေရတဲ့ ယူကရိန်းနိုင်ငံကို ဝိုင်းဝန်းကူညီပေးဖို့ တစ်ကမ္ဘာလုံးကို မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသတေးနေ့မှာ ယူကရိန်းနိုင်ငံအပေါ် စစ်ပွဲစတင်ပြီလို့ ကြေညာလိုက်ပြီးနောက် ယူကရိန်းနိုင်ငံကို ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်းကနေ ပြိုင်တူထိုးစစ်ဆင်နေပါတယ်။

''ကျွန်တော့်ပြည်သူတွေနဲ့ ကျွန်တော့်မိသားစုဟာ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယူကရိန်းနိုင်ငံသားတွေဟာ ငြိမ်းချမ်းရေးကို လိုလားပြီး ကိုယ့်ပိုင်နက်ကိုလည်း တစ်လက်မမှ အထိမခံချင်ပါဘူး။ ကျွန်တော်တို့နိုင်ငံကို ကျေးဇူးပြုပြီး ကူညီပေးဖို့ တောင်းဆိုလိုပါတယ်။ ပြီးတော့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတဲ့ ရုရှား အစိုးရကိုလည်း တားဆီးပေးကြပါ။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးပဲလိုချင်တာပါ။ စစ်ပွဲက အဖြေမဟုတ်ပါဘူး''လို့ ရှက်ဗ်ချန်ကိုက သူ့ရဲ့တွစ်တာကနေ ရေးသားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံကို နေရာစုံကနေ ထိုးဖောက်ထိုးစစ်ဆင်နေပြီး ဘီလာရုစ်နိုင်ငံရဲ့နယ်စပ်ကနေ တင့်ကားတွေနဲ့ ဝင်လာသလို ယူကရိန်းနိုင်ငံရဲ့အရှေ့ဘက်ဒေသတွေဘက် ရုရှားစစ်တပ်က ဝင်ရောက်လာပါတယ်။ အစောပိုင်း စစ်ပွဲတွေကြောင့် ယူကရိန်းစစ်သား ရာနဲ့ချီ သေဆုံးခဲ့ရတယ်လို့ ယူကရိန်းအစိုးရက ထုတ်ပြန်ကြေညာထားပြီး ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံရဲ့ စစ်တပ်အခြေစိုက်ဒေသတွေကို နူကလီးယားဒုံးကျည်တွေ၊ ပဲ့ထိန်းတပ်ဗုံးတွေ၊ GRAD ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။

ပူတင်က ယူကရိန်းဘက်ကနေ ဝင်ရောက်တိုက်ခိုက်ဖို့ စဉ်းစားနေတဲ့ ဘယ်နိုင်ငံမဆို သမိုင်းတစ်လျှောက် တစ်ခါမှမကြုံဖူးသေးတဲ့ အကျိုးဆက်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။




#ယူကရိန်း #ရုရှား #ရှက်ဗ်ချန်ကို