ရှေ့သို့
Image

ရုရှားရဲ့ ကျူးကျော်မှုကို လျင်မြန်စွာ တုံ့ပြန်နိုင်မယ်လို့ ယုံကြည်နေတဲ့ ယူကရိန်းအသင်း နည်းပြ ပက်ထရာကော့ဗ်

9:51 AM, 25 February

ယူကရိန်းအသင်းနည်းပြ ပက်ထရာကော့ဗ်က မတ်လအတွင်း စကော့တလန်နဲ့ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အတွက် မူလစီစဉ်ထားတဲ့အတိုင်း ပြင်ဆင်နေတယ်လို့ အခိုင်အမာပြောပါတယ်။

ယူအီးအက်ဖ်အေအမှုဆောင်ကော်မတီဟာ ယူကရိန်းနိုင်ငံကို ရုရှားက စစ်ရေးအရ ဝင်ရောက်ကျူးကျော်မှုနဲ့ ပတ်သက်လို့ ယနေ့မှာ ဆွေးနွေးကြမှာဖြစ်ပြီး ယူကရိန်းအစိုးရက နိုင်ငံတွင်း ညမထွက်ရအမိန့်ထုတ်ပြန်လိုက်သလို ပြည်တွင်းဘောလုံးပွဲတွေကို တစ်လကြာ ပိတ်လိုက်ရာ မတ်လ ၂၄ ရက်နေ့ကျရင် စကော့တလန်နိုင်ငံ၊ ဟမ့်ဒန်မှာ ကစားမယ့် စကော့တလန်နဲ့ ယူကရိန်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကလည်း မူလစီစဉ်ထားတဲ့အတိုင်းဖြစ်လာဖို့ မသေမချာဖြစ်နေပါတယ်။

ဒါပေမဲ့ ဝါရင့်နည်းပြကြီး ပက်ထရာကော့ဗ်ကတော့ မိမိတို့ ယူကရိန်းအနေနဲ့ ရုရှားရဲ့ကျူးကျော်မှုမှာ လျင်မြန်စွာ အောင်မြင်နိုင်လိမ့်မယ်လို့ ယုံကြည်တာကြောင့် ခြေစစ်ပွဲလည်း စီစဉ်ထားတဲ့အတိုင်း ကျင်းပနိုင်လိမ့်မယ်လို့ ပြောပါတယ်။

''အခုလိုခက်ခဲတဲ့ကာလမှာ ကျွန်တော်တို့ သွေးစည်းညီညွတ်ရမှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီရမှာဖြစ်သလို ကိုယ့်နိုင်ငံရဲ့တပ်မတော်ကိုလည်း အပြည့်အဝယုံကြည်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်နယ်မြေမှာ နေထိုင်နေတာဖြစ်ပြီး ဘာကိုမှကြောက်စရာမလိုပါဘူး။ ကျွန်တော်ဆိုရင် အသက် ၆၄ နှစ်ရှိပါပြီ။ တစ်ဘဝလုံး ကိဗ်မြို့မှာပဲ ရှင်သန်လာတာဖြစ်ပြီး ဘယ်ကိုမှလည်း သွားမှာမဟုတ်ပါဘူး။ ကိုယ်တတ်နိုင်သလောက် ကိုယ့်ရဲ့တိုင်းပြည်ကို ကူညီပေးဖို့ အသင့်ပါပဲ''

''ကျွန်တော်တို့နိုင်ငံအနေနဲ့ အောင်မြင်မှုကို မြန်မြန်ဆန်ဆန်ရလိမ့်မယ်လို့ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် စီစဉ်ထားတဲ့အတိုင်း ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ဟာ ယူကရိန်းနိုင်ငံကို ကိုယ်စားပြုခွင့်ရလို့ အမြဲတမ်းဂုဏ်ယူနေတာဖြစ်ပြီး ဘယ်တော့မှ လက်လျှော့အရှုံးပေးမှာ မဟုတ်ပါဘူး''လို့ ပက်ထရာကော့ဗ်က ပြောပါတယ်။

ယူကရိန်းပြည်တွင်းလိဂ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့စတင်ကာ ဆောင်းရာသီအားလပ်ရက်အဖြစ် ရပ်နားထားတာဖြစ်ပြီး သောကြာနေ့မှာ ပြန်လည်စတင်ဖို့ စီစဉ်ထားပေမယ့် စကော့တလန်နဲ့ပွဲအပြီး ၂ ရက်ကြာတဲ့ အထိ ပြည်တွင်းမှာ နောက်ထပ်ပွဲတွေ မကျင်းပဖို့ ဆုံးဖြတ်ထားပါတယ်။ ယူကရိန်း အသင်းမှာ အသင်းသား ၁၆ ဦးက ပြည်တွင်းမှာ ကစားနေတာဖြစ်ပြီး ၉ဦးက ဒိုင်နမိုကိဗ်အသင်းကဖြစ်သလို အဲဒီအသင်းကလည်း ပုံမှန်အတိုင်း ရှေ့ခရီးဆက်သွားမယ်လို့ ကြေညာထားပါတယ်။

#ကမ္ဘာ့ဖလားခြေစစ်ပွဲ #ယူကရိန်း #ရုရှား #ပက်ထရာကော့ဗ်