ရှေ့သို့
Image

ဒေါ့မွန်နောက်ခံလူ မန်နျုရယ်အကန်ဂျီကို ခေါ်ယူဖို့ ဆက်သွယ်စုံစမ်းခဲ့တဲ့ ယူနိုက်တက်

8:39 AM, 25 February

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်ခံစစ်မှူး မန်နျူရယ်အကန်ဂျီကို ခေါ်ယူဖို့ဖြစ်နိုင် မဖြစ်နိုင် ကနဦး ဆက်သွယ်စုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ နွေရာသီ အဓိကပစ်မှတ်တွေအဖြစ် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦးတို့ကို ခေါ်ယူဖို့ သတ်မှတ်ထားပေမယ့် ရန်နစ်အလိုရှိတဲ့ထဲမှာ ဗဟိုခံစစ်မှူးသစ်လည်းပါဝင်ပြီး ဆွစ်ဇာလန်လက်ရွေးစင် အကန်ဂျီကို အဓိကပစ်မှတ်အဖြစ် ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ခံစစ်မှူးဖီးလ်ဂျုံးစ်ရဲ့ ဘော်ဒိုးအသင်းသို့ ပြောင်းရွှေ့ဖို့ ကြိုးစားမှုကို ယူနိုက်တက်က ပယ်ချခဲ့ပေမယ့် အသင်းကထွက်ခွာနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်သလို ပွဲကစားခွင့်နည်းပါးလွန်းတာကြောင့် အဲရစ်ဘိုင်လီကလည်း မပျော်မရွှင်ဖြစ်နေပါတယ်။ ဒါ့အပြင် လက်ရှိအသင်းခေါင်းဆောင် ဟယ်ရီမက်ဂွာရီရဲ့ ခြေစွမ်းနဲ့ ပက်သက်ပြီးတော့လည်း မေးခွန်းထုတ်စရာတွေရှိလာတာကြောင့် ရန်နစ်က မက်ဂွာရီနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် အတွေ့အကြုံရင့် ခံစစ်မှူးတစ်ဦးဖြစ်တဲ့ အကန်ဂျီကို စိတ်ဝင်စားလာတာလည်း ဖြစ်ပါတယ်။

၂၆ နှစ်အရွယ်ခံစစ်မှူးရဲ့ ဒေါ့မွန်နဲ့စာချုပ်သက်တမ်းကလည်း ၁၈ လသာ ကျန်တော့သလို ၂၀၁၈ တုန်းက ဒေါ့မွန်တို့ ဘေဆယ်ကနေ ပေါင် ၁၅ သန်းနဲ့ခေါ်ယူထားတဲ့ ကစားသမားရဲ့ လက်ရှိတန်ကြေးကလည်း ပေါင် ၂၆ သန်းခန့်သာ ရှိပါတယ်။ ဂျာမန်ကလပ်ကတော့ အကန်ဂျီကို တစ်နှစ်ပေါင် ၆.၇ သန်းရရှိမယ့် စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ကစားသမားရဲ့ ကိုယ်စားလှယ်တွေကတော့ တစ်ပတ်ကို ပေါင် ၁၆၂၀၀၀ နဲ့ တစ်နှစ်ကို ပေါင် ၈.၃ သန်းရမယ့် စာချုပ်မျိုးကို ပြန်လည်တောင်းဆိုထားပါတယ်။

ဂျာမနီကလာတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ ကမ်းလှမ်းမှုတောင် ပြုလုပ်ထားပြီးပြီလို့ ဖော်ပြကြပေမယ့် အင်္ဂလန်သတင်းတွေကတော့ ကမ်းလှမ်းမှုမလုပ်ရသေးပဲ ကနဦးစုံစမ်းမှုသာ ပြုလုပ်တာဖြစ်ကြောင်း ဖော်ပြကြပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ အခြေအနေကိုတော့ ဆက်တိုက်စောင့်ကြည့်နေသလို ကစားသမားကိုယ်တိုင်ကလည်း စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

အကန်ဂျီဟာ ဗဟိုခံစစ်ဘယ်ခြမ်းရော၊ ညာခြမ်းမှာပါ ကစားနိုင်သူဖြစ်ပြီး ဒီရာသီဒေါ့မွန်အတွက် ၂၈ ပွဲပါဝင်ကစားပေးထားပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ဥရောပချန်ပီယံရှစ် ကွာတားဖိုင်နယ်အဆင့်ထိ ရောက်ခဲ့တဲ့ ဆွစ်ဇာလန်လက်ရွေးစင် အသင်းအတွက်ကိုလည်း ၃၈ ပွဲထိ ကစားခဲ့ပြီးဖြစ်ပါတယ်။ အကန်ဂျီအကြောင်းကို ရန်နစ်က ကောင်းကောင်းသိထားပေမယ့်လည်း အမြဲတမ်းနည်းပြသစ်အပေါ်မှာ မူတည်ပြီး အခြားအလားအလာရှိတဲ့ ပစ်မှတ်တွေကိုလည်း ပြောင်းလဲခေါ်ယူဖို့ စီစဉ်သွားဖွယ်ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒေါ့မွန် #အပြောင်းအရွှေ့ #အကန်ဂျီ