ရှေ့သို့
Image

ရုရှားနဲ့ နိုင်ငံရေးတင်းမာနေတဲ့ ယူကရိန်းကို ထောက်ခံကြောင်း ဘင်ဖီကာတိုက်စစ်မှူး ယာရမ်ချု သက်သေပြသ

1:12 PM, 24 February

ဘင်ဖီကာ တိုက်စစ်မှူး ရိုမန်ယာရမ်ချုဟာ အေဂျက်စ်နဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပွဲမှာ ချေပဂိုးသွင်းယူခဲ့ပြီးနောက် သူ့မွေးရပ်မြေ ယူကရိန်းနိုင်ငံကို ထောက်ခံတဲ့အကြောင်း အောက်ခံဂျာစီပေါ်မှာ ရေးထိုးထားတဲ့ အသင်းလိုဂိုကို ပြသသွားပါတယ်။

ယာရမ်ချုဟာ လူစားဝင်လာပြီးနောက် ၂-၂ ဂိုးဖြစ်စေမယ့် ဒုတိယမြောက်ဂိုးသွင်းယူခဲ့ပြီးနောက် အောက်ခံတီရှပ်အနက်ပေါ်မှာ ယူကရိန်းအသင်းအမှတ်တံဆိပ် ရေးထိုးထားမှုကို ပြသကာ အောင်ပွဲခံခဲ့တာဖြစ်ပြီး အပေါ်အင်္ကျီချွတ် အောင်ပွဲခံခဲ့လို့ အဝါကတ်ပြသခံခဲ့ရပါတယ်။
ယာရမ်ချုဟာ ပွဲပြီးဖို့ ၁၈မိနစ်အလိုမှာ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး ဂိုးသွင်းပြီးနောက် အပေါ်ဂျာစီကို ချွတ်ကာ ယူကရိန်းအသင်းအမှတ်တံဆိပ် ရေးထိုးထားတဲ့ အောက်ခံအင်္ကျီကို ပြသကာ လိုဂိုကို နမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့ကလည်း မန်စီးတီးအသင်းရဲ့ယူကရိန်းအသင်းဘယ်နောက်ခံလူ ဇင်ချန်ကိုက သူ့ရဲ့အင်စတာဂရမ်မှာ ရုရှားနဲ့ နိုင်ငံရေးတင်းမာနေတဲ့ ယူကရိန်းကို ထောက်ခံတဲ့အကြောင်း အင်စတာဂရမ်မှာ တင်ခဲ့ပြီး အသက် ၂၅ နှစ်အရွယ်ရှိ ဇင်ချန်ကိုဟာ ယာရမ်ချုရဲ့ အဆိုပါဓာတ်ပုံတွေနဲ့အတူ အားပေးတဲ့အီမိုဂျီ တင်ခဲ့ပါတယ်။

ယူကရိန်းပါလီမန်က အရေးပေါ်အခြေအနေ ကြေညာထားပြီး စစ်သား ၂၀၀၀၀၀ ကို နယ်စပ်တွေဆီ စေလွှတ်ထားသလို ယူကရိန်းနိုင်ငံသား ၃သန်းကိုလည်း ရုရှားနိုင်ငံကနေ ထွက်ခွာဖို့ တိုက်တွန်းထားပါတယ်။ ယူကရိန်းအစိုးရက ရုရှားအနေနဲ့ အချိန်မရွေး ယူကရိန်းနိုင်ငံထဲ ကျူးကျော်ဝင်ရောက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

#ယူကရိန်း #ချန်ပီယံလိဂ် #ဘင်ဖီကာ #ရုရှား #ယာရမ်ချု