ရှေ့သို့
Image

ယူနိုက်တက်မှာ ယာယီနည်းပြခန့်တာနဲ့ ရေရှည်စီမံကိန်း မရှိတာတွေကို ဝေဖန်ခဲ့တဲ့ ဖရက်ဒ်

3:17 PM, 23 February

မန်ချက်စတာယူနိုက်တက်ရဲ့ ဘရာဇီးကွင်းလယ်လူ ဖရက်ဒ်ကတော့ အသင်းက ယာယီနည်းပြအဖြစ် ရာ့ဖ်ရန်နစ်ကို ခန့်အပ်ခဲ့တာနဲ့ ရေရှည်စီမံကိန်းမရှိသေးတာကို ဝေဖန်ခဲ့ပါတယ်။

ရန်နစ်ဟာ လိဒ်စ်ယူနိုက်တက်ကို အဝေးကွင်းမှာ ၄-၂ နဲ့ အနိုင်ယူပြီးနောက် အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ အိမ်ကွင်း ဝန်ဒါမက်ထရိုပိုလီတာနိုမှချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ယနေ့ညမှာ သွားရောက်ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဖရက်ဒ်ကတော့ ဂျာမန်သားနည်းပြကြီးကို ရာသီကုန်ထိ ကာလတိုစာချုပ်နဲ့သာ ခေါ်ယူထားတာကို နားမလည်နိုင်ကြောင်းနဲ့ ယူနိုက်တက်ရဲ့ အနာဂတ် အစီအစဉ်တွေကလည်း အားနည်းလွန်းနေတယ်လို့ ယုံကြည်ကြောင်းပြောသွားခဲ့ပါတယ်။

ဖရက်ဒ်က “နည်းနည်းတော့ ထူးဆန်းတယ်၊ ဘောလုံးမှာ အရေးအကြီးဆုံးက တတ်နိုင်သမျှ ရလဒ်ကောင်းတွေ ရယူနေဖို့ပါပဲ ဒါပေမယ့် ရေရှည်စီမံကိန်းတွေ ရှိဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့အသင်းမှာ အနာဂတ်စီမံကိန်း တစ်ခုတောင်မရှိတာကတော့ နည်းနည်းဆိုးတယ်ထင်ပါတယ်။ အခုအသင်းမှာ စီစဉ်ထားသမျှက ကာလတိုအတွက်ပဲဖြစ်နေတယ်။ ဒီရာသီကုန်ကျရင် ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲဆိုတာ မသိပါဘူး။ ကစားသမားတိုင်းက ဒီအသင်းကို ဆုဖလားတွေ ရယူဖို့လာခဲ့ကြတာပါ။ ကျွန်တော်၊ ဘရူနို၊ အဲလက်စ်၊ ခရစ္စတီယာနို၊ ဆန်ချို အားလုံးက ရည်ရွယ်ချက်တစ်ခုတည်းပါ။ ကျွန်တော်တို့ ဆုဖလားတွေ ရယူချင်ပါတယ် ဒါပေမယ့် ကြာဦးမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ဗီလာရီးရဲလ်ကို လေးစားမှုအပြည့်နဲ့ အနိုင်ယူပြီး ယူရိုပါလိဂ်ဖလားကို ရယူဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ပိုကောင်းတဲ့ အစီအစဉ်တွေကို ချမှတ်ဖို့လိုအပ်ပါတယ်။ ဆုဖလားတွေ မယူချင်ဘူးဆိုရင်တော့၊ မန်ချက်စတာယူနိုက်တက်လို အသင်းမျိုးမှာ ကစားဖို့ မထိုက်တန်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆုဖလားတွေနဲ့ အလှမ်းဝေးခဲ့တာ ၅ နှစ်ရှိပြီဖြစ်ပြီး ချန်ပီယံလိဂ်ဖိုင်နယ် တက်နိုင်ခဲ့တဲ့ ၂၀၁၁ နောက်ပိုင်း ကစားခဲ့တဲ့ ရှုံးထွက်အဆင့် ၁၂ ပွဲမှာလည်း ၂ ပွဲသာနိုင်ခဲ့ဖူးပါတယ်။ ဒီပြိုင်ပွဲမှာ စပိန်ကလပ်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရလဒ်တွေက ပိုလို့တောင် ဆိုးနေပါတယ်။

ပြီးခဲ့တဲ့ရာသီက ဗီလာရီးရဲလ်ကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ် အပါအဝင် စုစုပေါင်း ၂၂ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်က လက်ရှိစပိန်ချန်ပီယံ အက်သလက်တီကိုကလည်း ခက်ခဲတဲ့ရာသီတစ်ခုဖြစ်နေပြီး လက်ရှိလာလီဂါ အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာကို ရောက်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖရက်ဒ် #ရန်နစ်