ရှေ့သို့
Image

ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်ရင် ချန်ပီယံလိဂ် ဗိုလ်လုပွဲကွင်းကိုလည်း ပြောင်းလဲရဖွယ်ရှိ

9:54 AM, 22 February

တကယ်လို့ ရုရှားသာ ယူကရိန်းနိုင်ငံကို ဝင်ရောက်ကျူးကျော်ခဲ့ရင် ယူအီးအက်ဖ်အေအနေနဲ့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နေရာပြောင်းလဲကျင်းပရဖွယ်ရှိနေပါတယ်။

မေလ ၂၈ ရက်နေ့မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို စိန့်ပီတာစဘတ်မြို့ရှိ ဂက်ဇ်ပရွန်းအရီနာမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် လက်ရှိအနေအထားအရ ရုရှားသမ္မတ ပူတင်က ယူကရိန်းအရှေ့ဘက်ဒေသကို လွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာလိုက်ပြီးနောက် ယူအီးအက်ဖ်အေကလည်း ဗိုလ်လုပွကျင်းပမယ့်ကွင်းကို ပြောင်းလဲရဖွယ်ရှိနေပါတယ်။

Daily Star သတင်းဌာနရဲ့ဖော်ပြချက်အရ အင်္ဂလန်နိုင်ငံ၊ ဝင်ဘလေကွင်းမှာ ဗိုလ်လုပွဲကို ပြောင်းလဲ ကျင်းပဖွယ်ရှိနေပြီး တကယ်လို့ အင်္ဂလိပ် ၂သင်းသာ ဗိုလ်လုပွဲသာ တက်လာရင် ဝင်ဘာလေကွင်းမှာ ကျင်းပဖို့ ပိုဖြစ်နိုင်လိမ့်မယ်လို့ သိရပါတယ်။ ပူတင်က ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒေသတွေကို လွတ်လပ်တဲ့ပြည်နယ်တွေအဖြစ် ကြေညာလိုက်ပြီးနောက် အဲဒီဒေသတွေမှာ ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့မစ်ရှင်တွေ ဆောင်ရွက်ဖို့ ယူကရိန်းနိုင်ငံထဲ သူ့ရဲ့စစ်တပ်ကို စေလွှတ်လိုက်ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့ကြား နိုင်ငံရေးတင်းမာမှု ပိုမိုပြင်းထန်လာနိုင်ပြီး ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ပူတင်ရဲ့အမိန့်က အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ပြောပါတယ်။ ယူအီးအက်ဖ်အေကလည်း ယူကရိန်း-ရုရှားအရေးကို အနီးကပ်စောင့်ကြည့်နေပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပခွင့်ရတဲ့မြို့အနေနဲ့ ပေါင်သန်း ၆၀ ကျော် အကျိုးအမြတ်ရဖွယ်ရှိပါတယ်။

မန်စီးတီးနဲ့ ချဲလ်ဆီးတို့ ရင်ဆိုင်ခဲ့တဲ့ ယမန်နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း မူလက အစ္စတန်ဘူလ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားရာကနေ ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုကို ပြောင်းရွှေ့ကျင်းပခဲ့ရပြီး ကိုဗစ်စည်းမျဉ်းကြောင့် တူရကီနိုင်ငံက ဗြိတန်ရဲ့အနီရောင်စာရင်းမှာ ပါဝင်နေလို့ ကွင်းပြောင်းလဲခဲ့ရတာပါ။

#ယူကရိန်း #ချန်ပီယံလိဂ် #ရုရှား