ရှေ့သို့
Image

အီလန်ဂါကို အကြွေစေ့နဲ့ ပေါက်ခဲ့တဲ့ လိဒ်ပရိသတ်တွေကြောင့် စုံစမ်းစစ်ဆေးခံရတော့မယ့် လိဒ်ယူနိုက်တက်

9:24 AM, 21 February

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ပွဲမှာ လိဒ်ယူနိုက်တက်ပရိသတ်တွေဟာ ယူနိုက်တက်စတား  အီလန်ဂါကို အကြွေစေ့နဲ့ပေါက်ခဲ့တာကြောင့် အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးခြင်းခံရတော့မှာဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်ပရိသတ်တွေဟာ ယူနိုက်တက်ရဲ့ ပထမဂိုးနဲ့ တတိယဂိုးအတွက် အောင်ပွဲခံချိန်မှာ အကြွေစေ့နဲ့ ပစ်ပေါက်ခဲ့ကြတာဖြစ်ပြီး လူစားဝင်ကစားသမား အီလန်ဂါတစ်ယောက်လည်း ဦးခေါင်းဒဏ်ရာ ရရှိခဲ့ကာ ဆေးကုသမှုခံယူခဲ့ရပါတယ်။  ကွင်းလယ်ဒိုင် တီယာနေးရဲ့အစီရင်ခံစာမှာ အဆိုပါဖြစ်ရပ်ကို ထည့်သွင်းခဲ့တာဖြစ်ပြီး အက်ဖ်အေက စုံစမ်းစစ်ဆေးဖွယ်ရှိနေကာ ယူနိုက်တက်ယာယီနည်းပြ ရန်နစ်ကလည်း လိဒ်ယူနိုက်တက်အနေနဲ့ အဆိုပါဖြစ်ရပ်ကို ပြန်ကြည့်သင့်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“သိသိသာသာကို ဒီလိုအရာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာမြင်နိုင်ပါတယ်။ ကျွန်တော်သိသလောက်ပြောရရင် လိဒ်ယူနိုက်တက်အနေနဲ့ စုံစမ်းစစ်ဆေးမှုအချို့လုပ်ဖို့ လိုအပ်ပါတယ်။ အဆုံးသတ်မှာ ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော် မတွေးပါဘူး။ အီလန်ဂါက အခြေအနေကောင်းပါတယ်။ သူဂိုးသွင်းရတဲ့အတွက် ပျော်နေပါတယ်”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

အသက် ၁၉ နှစ်သားဟာ ယာယီနည်းပြ ရန်နစ်ရဲ့လူစားလဲမှုနဲ့အတူ ကစားခွင့်ရရှိခဲ့ပြီး အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ “သွင်းဂိုးအပြီးမှာ ရုပ်ဆိုးအကျည်းတန်တာတွေဖြစ်ခဲ့ပါတယ်။ အီလန်ဂါရဲ့ခေါင်းကို အကြွေစေ့ တော်တော်များများထိခဲ့ပါတယ်။ တကယ့်ကို ရုပ်ဆိုးအကျည်းတန်လွန်းပါတယ်”လို့ ပရီးမီးယားလိဂ် ဂိုးသမားဟောင်း ပေါလ်ရော့ဘင်ဆန်က ပြောကြားခဲ့ပါတယ်။

အီလန်ဂါဟာ ယူနိုက်တက်အတွက် နောက်ဆုံးအနိုင်ဂိုးကို ပွဲကစားချိန် ၈၈ မိနစ်မှာ သွင်းယူခဲ့ပြီး အဝေးကွင်းပရိသတ်တွေဆီကို ပြေးသွားပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ယူနိုက်တက်က ၄-၂ ဂိုးနဲ့ အဝေးကွင်းမှာ နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပြီး အဝါကတ် ၉ ကတ်အထိ ပြသခဲ့ရတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အီလန်ဂါ #ရန်နစ်