ရှေ့သို့
Image

မာရှယ်နဲ့ ဗန်ဒီဘိခ်တို့ ထွက်ခွာသွားခဲ့ပြီးနောက် ယူနိုက်တက်က တိုးတက်လာကြောင်း ရန်းနစ်ဝန်ခံ

12:30 PM, 19 February

ရက်ဖ် ရန်းနစ်က အန်တိုနီ မာရှယ်နဲ့ ဒွန်နီ ဗန်ဒီဘိခ်တို့ အငှားနဲ့ ထွက်သွားခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ စိတ်ပိုင်းဆိုင်ရာက တိုးတက်လာခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့အတွင်း မာရှယ်က ဆီဗီလာ၊ ဗန်ဒီဘိခ်က အဲဗာတန်တို့ထံ ရာသီကုန်ထိ အငှားနဲ့ အသီးသီးပြောင်းရွှေ့သွားခဲ့ကြတာ ဖြစ်ပါတယ်။

အာမက် ထရာအိုရေးကလည်း ရိန်းဂျားစ်ကို အငှားနဲ့ ပြောင်းသွားခဲ့ပြီး အဆိုပါ အသင်းက ထွက်ချင်တဲ့ ကစားသမားတွေ မရှိတော့တာကြောင့် ယူနိုက်တက် ကစားသမားတွေကြား စိတ်ပိုင်းဆို်ငရာ တိုးတက်လာကြောင်း ရန်းနစ်က ဝန်ခံသွားပါတယ်။

ရန်းနစ်က “ဒီကစားသမားတွေက မပျော်မရွှင် ဖြစ်နေပြီး အသင်းလူစာရင်းက အရမ်းများနေပါတယ်။ ကစားသမားတွေက သူတို့ မကစားရဘူးဆိုတာ သတိပြုမိပြီး အခုတော့ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာက ပြီးခဲ့တဲ့အပတ်တွေကထက် တိုးတက်လာပါပြီ”“အခုတော့ ကျွန်တော်တို့ ကွင်းထဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်တာကို စွမ်းဆောင်ရည် အကောင်းဆုံးနဲ့ ပြသရမှာ ဖြစ်သလို နိုင်ပွဲတွေနဲ့ ကျွန်တော်တို့ စိုးမိုးနိုင်တယ်ဆိုတာ ပြသရမှာပါ”လို့ ပြောခဲ့ပါတယ်။

မာရှယ်ဟာ ကြာသပတေးညက ယူရိုပါလိဂ်ပွဲစဉ်မှာ ဆီဗီလာအတွက် ပထမဆုံးသွင်းဂိုး သွင်းယူပေးခဲ့ပြီး အားကစားဒါရိုက်တာ မွန်ချီက အမြဲတမ်းလိုလို ပြဿနာရှိနေဲ့ ပြင်သစ်သားကို ကိုင်တွယ်နိုင်ဖို့ မှန်ကန်တဲ့နည်းလမ်း ရှာတွေ့ခဲ့ပြီလို့ ဆိုခဲ့ပါတယ်။

မွန်ချီက “သူ ဒီမှာရှိခဲ့တဲ့ ၂ပတ်အတွင်း ကျွန်တော် ပျော်ရွှင်မှုတွေ မြင်ခဲ့ပါတယ်။ ကစားသမားတစ်ယောက်က နည်းစနစ်ပိုင်း၊ ကြံ့ခိုင်မှုအရည်အချင်းတွေ ရှိပြီးသားဆိုရင် သူ့ရဲ့ အရည်အချင်းတွေ ပြန်ပေါ်လာဖို့ မှန်ကန်တဲ့နေရာကို သွားထိလိုက်ဖို့ လိုပါတယ်”“အခု ကျွန်တော်တို့ မှန်ကန်တဲ့နေရာကို ရှာတွေ့ခဲ့ပြီလို့ ထင်ပါတယ်။ ဒါကပိုပြီး သက်ရောက်တာ၊ ပိုအားပေးတာ၊ ပိုယုံပေးတာလည်း ဖြစ်နိုင်ပြီး သူ့နဲ့ သူ့မိသားစုကို အရေးပါတဲ့သူတွေလို့ သတ်မှတ်ထားတယ်ဆိုတာ သူခံစားမိနေစေဖို့ လိုပါတယ်။ အဲ့ဒါက ကစားသမားတိုင်း လိုအပ်တဲ့အရာ မဟုတ်ပဲ အားလုံးက သူ့ဟာနဲ့သူ လိုအပ်ချက်တွေ ရှိကြပါတယ်”လို့ ဆိုခဲ့ပါတယ်။

အလားတူ ဗန်ဒီဘိခ်ကလည်း အဲဗာတန်မှာ ကစားသမားသစ်တွေ၊ နည်းပြသစ်နဲ့အတူ စာမျက်နှာသစ်တစ်ခု စတင်ခဲ့ပြီလို့ ယမန်နေ့ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ပြောထားခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ ဝက်ဖို့ဒ်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ အထူးခြေစွမ်းပြခဲ့ပြီးနောက် ယနေ့ညမှာတော့ ဆောက်သမ်တန်နဲ့ ထပ်မံရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာရှယ် #ဗန်ဒီဘိခ် #ရန်နစ်