ရှေ့သို့
Image

ချဲလ်ဆီးမှာ ရုန်းကန်ခဲ့ရမှုတွေကြောင့် အေဘရာဟမ်ရဲ့ ရိုးမားကစားသမားဘ၀အစက မလွယ်ကူခဲ့ဘူးလို့ မော်ရင်ဟိုဝန်ခံ

11:40 AM, 19 February

ဟိုဆေး မော်ရင်ဟိုက တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ဟာ ချဲလ်ဆီးမှာ ရုန်းကန်ခဲ့ရပြီးနောက် ရိုးမား ကစားသမားဘ၀အစ ၆လက မလွယ်ကူခဲ့ဘူးလို့ ဖွင့်ဟလာခဲ့ပါတယ်။ အေဘရာဟမ်ဟာ ချဲလ်ဆီးမှာ ၁၆နှစ်ကြာ ကစားခဲ့ပြီးနောက် တူချယ်လက်ထက် အစီအစဉ်တွေမှာ မပါဝင်တော့တာကြောင့် ပြီးခဲ့တဲ့နွေရာသီက ပေါင် ၃၄သန်းနဲ့ ရိုးမားကို ရောက်လာခဲ့ပါတယ်။

အင်္ဂလန်သားဟာ နည်းပြ လမ်းပတ်လက်ထက် အဓိက တိုက်စစ်မှူးအဖြစ် ကစားခဲ့ပေမဲ့ ဇန်နဝါရီလ တူချယ်ရောက်လာပြီးနောက် ပွဲကစားချိန်တွေ ကျဆင်းလာခဲ့ပါတယ်။ ချဲလ်ဆီးတို့ လူကာကူကို ဝယ်ယူဖို့ ကြိုးစားချိန်မှာတော့ အေဘရာဟမ်တစ်ယောက် အသင်းက ထွက်ရဖို့ ကျိန်းသေခဲ့ကာ ရိုးမားကို ထွက်ခွာလာခဲ့ပါတယ်။

အေဘရာဟမ်ဟာ ရိုးမားကို ရောက်လာပြီးနောက် ပြိုင်ပွဲစုံ ၁၈ဂိုး သွင်းထားကာ စီးရီးအေ အကောင်းဆုံး တိုက်စစ်မှူး၁ဦးအဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။ လက်ရှိ ရိုးမားမှာ ခြေစွမ်းပြနေပေမဲ့ အေဘရာဟမ်ဟာ စီးရီးအေမှာ အသားကျဖို့ လိုသေးပြီး ဒီထက်ကောင်းတဲ့ ခြေစွမ်းတွေကို ပြသနိုင်သေးတယ်လို့ မော်ရင်ဟိုက ယုံကြည်နေပါတယ်။

“အင်္ဂလန်ကနေ ထွက်ခွာဖို့က မလွယ်ကူခဲ့ပေမဲ့ သူ အကောင်းဆုံး လုပ်ခဲ့ပါတယ်။ အသင်းက သူ့ကို အကောင်းဆုံး လုပ်နိုင်ဖို့ လိုအပ်ခဲ့ပါတယ်။ မတူညီတဲ့ ဘောလုံးလောကမှာ ကြီးပြင်းလာပြီး မတူညီတဲ့ ပတ်ဝန်းကျင်မှာ အသားကျဖို့ လုပ်နေတဲ့ ပြည်ပကစားသမား၁ဦးပါ”“သူ ဒီထက်ပိုကောင်းတဲ့ ခြေစွမ်းတွေ ပြသနိုင်ဖို့ အလားအလာ ရှိနေသေးတယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အေဘရာဟမ်ကလည်း ပြည်ပလိဂ်တစ်ခုကို အသားကျဖို့က အချိန်လိုပေမဲ့ ချဲလ်ဆီးကနေ ထွက်ခွာဖို့ လိုအပ်ခဲ့ကြောင်း ရိုးမားကို ပြောင်းလာပြီးနောက် ဝန်ခံခဲ့ပါတယ်။ အေဘရာဟမ်ဟာ ယနေ့ည ဗီရိုနာနဲ့ စီးရီးအေပွဲစဉ်မှာလည်း ရိုးမားတိုက်စစ်ကို ဆက်လက်ဦးဆောင်လာဖို့ ရှိနေပါတယ်။

#စီးရီးအေ #ရိုးမား #အေဘရာဟမ် #မော်ရင်ဟို