ရှေ့သို့
Image

ရေးဗားပလိတ်အတွက် ဟတ်ထရစ်သွင်းခဲ့တဲ့ အယ်ဗာရက်ဇ်ကို အဂူရိုနဲ့ နှိုင်းယှဉ်ချီးကျူး

2:25 PM, 18 February

မန်ချက်စတာစီးတီး ပရိသတ်တွေကတော့ အသင်းနဲ့ရာသီကုန်မှာ ပူးပေါင်းမယ့် တိုက်စစ်မှူး ဂျူလီယန်အယ်ဗာရက်ဇ်ကို ဂန္တဝင်တိုက်စစ်မှူး ဆာဂျီယိုအဂူရိုနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။ စီးတီးဟာ ရေးဗားပလိတ်လူငယ်တိုက်စစ်မှူးကို ပေါင် ၁၄ သန်းနဲ့ ခေါ်ယူဖို့ ဇန်နဝါရီမှာ သဘောတူညီမှုရရှိခဲ့ပြီး နွေရာသီမှ အသင်းနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။

အယ်ဗာရက်ဇ်ရဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ဖြစ်တဲ့ ရေးဗားပလိတ်က ၄-၁ နဲ့ ပါထရွန်အာတိုကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကြောင့် စီးတီးပရိသတ်တွေအတွက် ရင်ခုန်စရာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အယ်ဗာရက်ဇ်ရဲ့ ဂိုးတစ်ဂိုးကလည်း အဂူရိုပုံမှန်သွင်းနေကြ သွင်းဂိုးပုံစံနဲ့ သွားတူနေခဲ့ပါတယ်။ ညာခြမ်းထောင့်ကျဉ်းအနေအထားကနေ ဂိုးသမားရှိနေတဲ့ ဘက်ခြမ်းကို ဂိုးရအောင် ကန်သွင်းယူသွားခဲ့တာလည်း ဖြစ်ပါတယ်။

ပရိသတ်တစ်ယောက်က “အဂူရိုငယ်ငယ်က ပွဲတွေကို ပြန်ကြည့်နေရသလိုပဲ”နောက်တစ်ယောက်ကလည်း “ဒီကောင်လေးကို နောက်ရာသီစီးတီးမှာ မျှော်လင့်မိတယ်၊ အရမ်းကောင်းတဲ့ ပါရမီရှင်လေးပဲ” တတိယတစ်ယောက်ကလည်း “ ဂျူလီယန်အယ်ဗာရက်ဇ်က မနေ့ညက ရေးဗားပလိတ်အတွက် ဂိုးတိုင်နားမှာ အဂူရိုသွင်းနေကြ ဂိုးအတိုင်းသွင်းသွားတယ်” ဆိုပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။

နည်းပြပက်ဂွာဒီယိုလာကိုယ်တိုင်ကလည်း အယ်ဗာရက်ဇ်ကို ခေါ်ယူနိုင်ပြီးနောက် “အသက်အရွယ်နဲ့ တန်ဖိုးအရ သူကလာမယ့်ရာသီတွေမှာ အရမ်းကိုကောင်းတဲ့ ကစားသမား ခေါ်ယူမှုတစ်ခုဖြစ်လာမှာပါ။ သူကအရမ်း ပေါက်ကွဲလွယ်တယ်၊ ဂိုးသွင်းစွမ်းရည်လည်းကောင်းတယ်။ သူ့မှာအရည်အချင်းတွေ အများကြီးရှိတယ်။ သူက street ဘောလုံးသမား တစ်ယောက်ဖြစ်နေတဲ့အတွက် လှုပ်ရှားပုံတွေလည်း ကောင်းတယ်။ နည်းပြမာဆယ်လိုဂယ်လာဒို(ရေးဗားပလိတ်နည်းပြ)က ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ယောက်ပါ။ လာမယ့်ရာသီကြိုမှာ ဂျူလီယန်အသင်းနဲ့ပူးပေါင်းပါလိမ့်မယ်”ဆိုပြီး ပြောသွားခဲ့ပါတယ်။

#မန်စီးတီး #အဂူရို #ဂျူလီယန်အယ်ဗာရက်ဇ်