ရှေ့သို့
Image

ဖီနာဘာချီကို အဝေးကွင်းမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တဲ့ ပရာဟာ အပါအဝင် ယမန်နေ့ည ယူရိုပါကွန်းဖရင့်လိဂ် ပွဲပြီးသုံးသပ်ချက်

9:09 AM, 18 February

ပရာဟာအသင်းဟာ ယမန်နေ့ည ယူရိုပါကွန်းဖရင့်လိဂ် ရှုံးထွက် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ ဖီနာဘာချီကို အဝေးကွင်းမှာ ၃-၂ဂိုးနဲ့ အနိုင်ယူပြခဲ့ပါတယ်။

ပွဲချိန် ၄၅မိနစ်မှာ ထရာအိုရေးက ပရာဟာအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမဲ့ ပွဲကစားချိန် နာရီဝက် မပြည့်ခင်မှာ ပယ်ကက်စ်က ဖီနာဘာချီအတွက် ချေပဂိုး ပြန်သွင်းသွားခဲ့ပါတယ်။

အဲ့ဒီနောက် ၆၂နဲ့ ၆၃မိနစ်တွေမှာ ဒိုလေနဲ့ လင်ဂါတို့က ပရာဟာအတွက် ၁မိနစ်အတွင်း ဦးဆောင်ဂိုး ၂ဂိုး သွင်းသွားခဲ့တာကြောင့် ဖီနာဘာချီအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

၈၃မိနစ်မှာ ကာဒူဂလူက ဖီနာဘာချီအတွက် ချေပဂိုး ၁ဂိုး သွင်းယူပေးခဲ့ကာ ဒုတိယအကျော့အတွက် မျှော်လင့်ချက် ရှင်သန်စေခဲ့ပါတယ်။

မာဆေးလ်ကတော့ ကာရာဘတ်ကို အိမ်ကွင်းမှာ ၃-၁ဂိုးနဲ့ အမှားအယွင်းမရှိ အနိုင်ယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းမပြီးခင်မှာတင် ခြေစွမ်းကောင်းရနေတဲ့ တိုက်စစ်မှူး မီလစ်က မာဆေးလ်အတွက် ဦးဆောင်ဂိုး ၂ဂိုး သွင်းယူပေးခဲ့ပါတယ်။

၈၅မိနစ်မှာ ကာရာဘတ်အတွက် ချေပဂိုးအဖြစ် ကာဒီက ပြန်သွင်းပေးခဲ့ပေမဲ့ ပွဲပြီးခါနီးမှာတော့ ပါရက်က တတိယဂိုးသွင်းကာ မာဆေးလ်ကို ဂိုးပြတ်နိုင်ပွဲ၁ခု ဖန်တီးပေးခဲ့ပါတယ်။

ပီအက်စ်ဗွီအသင်းကတော့ မက္ကာဘီတဲအဗစ်ကို ဂက်ပိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ အနိုင်ရခဲ့ပါတယ်။

မော်ရို ဂျူနီယာရဲ့ မျောပေးမှုကို ဂက်ပိုက ရယူကာ တဲအဗစ် နောက်ခံလူ၁ဦးကို ကျော်ဖြတ်ပြီး ဧရိယာအစပ်နားကနေ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဗွီတို့ နောက်ထပ် ဦးဆောင်ဂိုးတွေ ရနိုင်တဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပေမဲ့ အသုံးချနိုင်ခဲ့ခြင်း မရှိလို့ ၁ဂိုးတည်းနဲ့ ကပ်နိုင်ပြီး ဒုတိယအကျော့ကို ကျော်ဖြတ်ရတော့မှာ ဖြစ်ပါတယ်။

ဒိန်းမတ်ကလပ် မစ်ဂျေလန်းက PAOKကို ၁-၀ဂိုးနဲ့ နိုင်ခဲ့ကာ ရက်ပစ်ဝီယံက တစ်ယောက်လျော့ပေမဲ့ ဗီတက်စီကို ၂-၁ဂိုးနဲ့ မနိုင်ခဲ့ပြီး ပါတီဇန်ကတော့ စပါတာ ပရာဟာကို ၁-၀ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

#ဆလာဗီးယားပရာဟာ #မာဆေးလ် #ယူရိုပါကွန်းဖရန့်လိဂ် #ပီအက်စ်ဗွီ #ဖီနာဘာချီ