ရှေ့သို့
Image

ပရိသတ်က မမျှော်လင့်ပေမယ့် ချန်ပီယံလိဂ် ရနိုင်တယ်လို့ ယုံကြည်ထားတဲ့ လုခ်ရှော

12:53 PM, 17 February

မန်ချက်စတာယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောက ယူနိုက်တက်ကချန်ပီယံလိဂ်ဖလား ယူနိုင်တယ်လို့ ပြောခဲ့တာကို တစ်ချို့လူတွေက သူ့ကိုရူးနေတယ်လို့ ထင်နေကြကြောင်း ဖွင့်ဟခဲ့ပါတယ်။ နည်းပြ အိုလီဂန်နာဆိုးလ်ရှား ထုတ်ပယ်ခံရမှုနဲ့အတူ ယူနိုက်တက်ဟာလည်း ဒီရာသီ ချန်ပီယံမျှော်လင့်ချက်တွေနဲ့ ဝေးသထက်ဝေးလာခဲ့ပါတယ်။

နိုဝင်ဘာမှာ ယာယီနည်းပြဖြစ်လာတဲ့ ရာ့ဖ်ရန်နစ်အတွက်လည်း ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာလည်း ထိပ်ဆုံး ၄ သင်းထဲ ဝင်ခွင့်ရဖို့ ရုန်းကန်နေရပြီး တော့တင်ဟမ်၊ အာဆင်နယ်တို့နဲ့ အပြိုင်ဖြစ်နေပါတယ်။ ဒါပေမယ့် ရန်နစ်ရဲ့အသင်းဟာ ဒီရာသီချန်ပီယံလိဂ်မှာတော့ ဆက်ကစားရဦးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပြည်တွင်းလိဂ်မှာ ရလဒ်မကောင်းခဲ့ပေမယ့် ဥရောပချန်ပီယံဖြစ်ခဲ့တဲ့ နည်းပြသောမတ်စ်တူချယ်ရဲ့ ချဲလ်ဆီးအသင်းလို ဖြစ်သွားနိုင်မလားဆိုတာကိုလည်း ပရိသတ်တွေက စောင့်ကြည့်နေကြပါတယ်။ ရှောကိုယ်တိုင်လည်း နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် ရင်ဆိုင်ရမယ့် အက်သလက်တီကိုမက်ဒရစ်နဲ့ ပွဲမှာ ချဲလ်ဆီးလိုမျိုး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဒါပေမယ့် ပီတာရှမိုက်ကယ်လို ကစားသမားဟောင်းကြီးတွေရဲ့ တုန့်ပြန်ပုံတွေထွက်ပေါ်လာခဲ့ပြီးနောက် သူပြောတဲ့စကားကို ဘယ်သူမှယုံကြည်မှာ မဟုတ်ကြောင်း ဘယ်နောက်ခံလူက ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင်ရှောက သူနဲ့အသင်းဖော်တွေရဲ့ ခြေစွမ်းကျဆင်းမှုတွေကြောင့် အခုလိုယူနိုက်တက်က ချန်ပီယံလိဂ် ချန်ပီယံဖြစ်နိုင်တယ်လို့ ပြောခဲ့တဲ့သူ့ကိုတောင် ရူးနေတယ်လို့ ထင်နေကြကြောင်း ပြောခဲ့ပါတယ်။

အင်္ဂလန်ခံစစ်မှူးက “လက်ရှိအချိန်က ဒီရာသီရဲ့ အခက်ခဲဆုံးအချိန်ပါပဲ၊ ပြည်တွင်းလိဂ်မှာလည်း အရှိန်တစ်ခုရဖို့ အရမ်းကိုအရေးကြီးနေတာပါ။ အသင်းတစ်သင်းအနေနဲ့တော့ ကျွန်တော်တို့လည်း ချန်ပီယံလိဂ်ကို ရယူနိုင်ပါတယ်။ အပြင်ကလူတွေကတော့ ကျွန်တော်ဒီလိုပြောလို့ ယုံကြမှာ မဟုတ်ပါဘူး။ ရူးနေတယ်လို့တောင် ထင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီဆုဖလားကို ရယူနိုင်တယ်ဆိုတာ ယုံကြည်ချက်ရှိပါတယ်။ ဒီအသင်းရဲ့ အဝတ်လဲခန်းထဲမှာရှိတဲ့ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကအစ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ စိတ်အားထက်သန်နေကြပါတယ်။ အခုတော့ ရလဒ်ကောင်းတွေ၊ ခြေစွမ်းကောင်းတွေနဲ့ အရှိန်တစ်ခုရအောင်လုပ်ဖို့လိုပါတယ်”လို့ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #လုခ်ရှော