ရှေ့သို့
Image

ပြီးပြည့်စုံတဲ့အသင်းဖြစ်ဖို့ မန်စီးတီး အနီးစပ်ဆုံးဖြစ်လာပြီလို့ ဟားဂရေ့ဗ် ချီးကျူး

1:02 PM, 16 February

မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပ-အကျော့မှာ စပို့တင်းလစ္စဘွန်းကို ဝ-၅ ဂိုးနဲ့အနိုင်ရပြီးနောက် ပြီးပြည့်စုံတဲ့အသင်းဖြစ်ဖို့ အနီးစပ်ဆုံးအနေအထား ရောက်လာပြီလို့ ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်က ချီးကျူးလိုက်ပါတယ်။

မန်စီးတီးဟာ ပေါ်တူဂီမြေမှာ ပထမပိုင်းအပြီးကတည်းက ဝ-၄ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီလို့တောင် ပြောရမလိုဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ၂ဂိုးသွင်းခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားရော နည်းပြ ဂွါဒီယိုလာကပါ မန်စီးတီးအသင်း ဒီထက်ပိုမိုတိုးတက်ဖို့ လိုသေးတယ်လို့ အသီးသီးဖွင့်ဟခဲ့ပေမယ့် အင်္ဂလန် ကွင်းလယ်လူဟောင်း ဟားဂရေ့ဗ်ကတော့ စပို့တင်းနဲ့ပွဲမှာ ကစားသွားတဲ့ စီးတီးရဲ့ပထမပိုင်းကစားပုံကို ဘယ်အသင်းကမှ လိုက်မမီနိုင်ကြောင်း၊ မန်စီးတီးအသင်း ဘယ်လိုရှုံးပွဲတွေ့နိုင်မလဲဆိုတာ မစဉ်းစားနိုင်အောင်ဖြစ်မိကြောင်း ပြောပါတယ်။

''လက်ရှိအချိန်မှာ ပြီးပြည့်စုံတဲ့အသင်းဆိုတာ မရှိသေးပါဘူး။ ဒါပေမဲ့ မန်စီးတီးကတော့ ပျော့ကွက်မရှိတဲ့ အသင်းဖြစ်ဖို့ အနီးစပ်ဆုံးအသင်းဖြစ်နေပါတယ်။ ပထမပိုင်းမှာ မန်စီးတီးအသင်းရဲ့အဆုံးသတ်ပိုင်း၊ ကစားပုံတွေအရဆို သူတို့ကို လိုက်မီနိုင်တဲ့အသင်းရှိမှာမဟုတ်ပါဘူး''''ဒုတိယပိုင်းမှာတော့ ဂိုးပေါက်တည့်မှု ၁ကြိမ်ပဲရှိတော့လို့ သူတို့ ကစားအားနည်းနည်းလျှော့လိုက်တယ်လို့ ထင်ပါတယ်။ အရိုးသားဆုံးပြောရရင် မန်စီးတီးကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ မန်စီးတီးက ပြိုင်ဘက်တွေကို အခွင့်အရေးတွေမပေးတော့ပါဘူး''လို့ ဟားဂရေ့ဗ်က ပြောပါတယ်။

ယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ရီယိုဖာဒီနန်ကလည်း စီးတီးနည်းပြ ဂွါဒီယိုလာကို ချီးကျူးသွားခဲ့ပြီး ဂွါဒီယိုလာအနေနဲ့ သူ့နည်းလမ်းအတိုင်း အီတီဟတ်မှာ အနိုင်ယူတဲ့ဖော်မြူလာတစ်ခု ဖန်တီးနိုင်ခဲ့ကြောင်း ချီးကျူးပါတယ်။

''ဂွါဒီယိုလာဟာ စီးတီးမှာ စံနှုန်းတစ်ခု ထားရှိထားပါတယ်။ တကယ်လို့ သူထားရှိထားတဲ့ စံနှုန်းမရဘူးဆိုရင် အသင်းက ၅ဂိုး၊ ၁၀ဂိုးအထိ သွင်းလည်း ဂွါဒီယိုလာက ပျော်ရွှင်မှာမဟုတ်ပါဘူး။ သူက ကစားသမားတွေကို တစ်ဦးချင်းရော အသင်းလိုက်အနေနဲ့ပါ အကောင်းဆုံးပုံစံထုတ်သုံးဖို့ တောင်းဆိုနိုင်ပါတယ်။ အသင်းက ၄-ဝဂိုးနဲ့ နိုင်နေချိန်မှာတောင် ဂွါဒီယိုလာ အော်ဟစ်ညွှန်ကြားနေတာကို ကျွန်တော်တော့ မအံ့သြပါဘူး''လို့ ဖာဒီနန်က ပြောပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ချန်ပီယံလိဂ် #ဟားဂရေ့ဗ်