ရှေ့သို့
Image

အသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုကို ကစားသမား/နည်းပြအဖြစ် ဆက်ထိန်းဖို့ မန်စီးတီး ပြင်ဆင်

11:32 AM, 16 February

မန်စီးတီးအသင်းဟာ အသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုကို ရာသီသစ်အထိ အသင်းမှာ ဆက်ထိန်းထားဖို့ ပြင်ဆင်နေပါတယ်။

မန်စီးတီးဟာ မေလမှာ အသက် ၃၇ နှစ်ပြည့်တော့မယ့် ဘရာဇီးနိုင်ငံသား ဖာနန်ဒင်ဟိုကို ရာသီသစ်မှာ ဂွါဒီယိုလာရဲ့နည်းပြ အဖွဲ့ဝင်တစ်ဦးအဖြစ် ကမ်းလှမ်းဖွယ်ရှိနေပေမယ့် ကစားသမား အနေနဲ့ တစ်နှစ်သက်တမ်းတိုးပြီး ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းဖွယ်ရှိနေပါတယ်။

တကယ်လို့ ဖာနန်ဒင်ဟိုသာ စာချုပ်သစ် ချုပ်ဆိုဖြစ်ရင် ဗင်းဆင့်ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗားနဲ့ အဂူရိုတို့ပြီးနောက် မန်စီးတီးအတွက် ဆယ်စုနှစ်ကြာကစားတဲ့ ကြယ်ပွင့်ဖြစ်လာမှာဖြစ်ပြီး စီးတီးဟာ ၂၀၁၃ ခုနှစ်က ဖာနန်ဒင်ဟိုကို ရှက်တာဒိုးနက်ကနေ ပေါင်သန်း ၃၀နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒင်ဟိုဟာ စနေနေ့က နောဝစ်ချ်ကို ဝ-၄ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပါအဝင် ယခုရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ပွဲကစားပေးထားပြီး ဂွါဒီယိုလာက ဖာနန်ဒင်ဟို အနေနဲ့ ကစားခွင့်မရတဲ့အချိန်မှာတောင် အဝတ်လဲခန်းအတွင်း အသင်းဖော်တွေကို လွှမ်းမိုးမှုရှိကြောင်း ချီးကျူးခဲ့ပါတယ်။

အထူးသဖြင့် ဖာနန်ဒင်ဟိုဟာ အသင်းရှိ လူငယ်ကစားသမားတွေအပေါ် လွှမ်းမိုးမှုရှိပြီး ဒီအတွက်ကြောင့်ပဲ အသင်းတာဝန်ရှိသူတွေက သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ ပြင်ဆင်နေတာပါ။လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးကြတဲ့အခါ အသင်းဘက်က ကစားသမားအဖြစ်ရော နည်းပြအဖွဲ့ဝင်အဖြစ်နဲ့ပါ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

နောက်ဆုံးဆုံးဖြတ်ချက်ကို ဖာနန်ဒင်ဟိုကပဲ ချမှတ်ဖွယ်ရှိနေပြီး ကစားသမားဖြစ်သူကလည်း သူ့မိသားစု အင်္ဂလန်မှာ အထိုင်ကျနေပြီဖြစ်လို့ အသင်းဘက်က ကမ်းလှမ်းမှုကို လက်သင့်ခံဖွယ်ရှိနေပါတယ်။ ဖာနန်ဒင်ဟိုက အသက် ၄၀အရွယ်ရှိ ဆက်ကစားဖွယ်ရှိတဲ့အကြောင်း ပြောထားဖူးပြီး စီးတီးက သူ့နေရာမှာ ရေရှည်အစားထိုးမှုအဖြစ် ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ပစ်မှတ်ထားနေပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော်ပေးချေရဖွယ်ရှိနေပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဖာနန်ဒင်ဟို