ရှေ့သို့
Image

ပင်နယ်တီ မဝင်ခဲ့တဲ့ မက်ဆီလည်းအသက်ရလာပြီလို့ ပြောခဲ့တဲ့ ဂယ်ရီလိုင်နီကာ

10:28 AM, 16 February

အစဉ်အလာပြိုင်ဘက်ဟောင်း ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ သွင်းဂိုး ရရှိနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးကို ပင်နယ်တီကနေ လီယွန်နယ်မက်ဆီရရှိခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဂိုးသမား သီဘော့ကော်တိုရစ်က ကာကွယ်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့ အင်အားအကြီးဆုံး အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုပီပီ တော်တော်နဲ့ ဂိုးသွင်းနိုင်ခြင်းမရှိချိန်မှာ မက်ဆီအတွက် ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ကော်တိုရစ်ကလည်း ကမ္ဘာ့အကောင်းဆုံး ဂိုးသမားပီပီ မက်ဆီကန်တဲ့ဖက်ကို တိတိကျကျ ဒိုင်ဗစ်ပစ်နိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီ အတွက် အဖိုးတန်အနိုင်ဂိုးကို ထပ်ဆောင်းအချိန်ပို နောက်ဆုံးမိနစ်ကျမှ ကီလီယန်မက်ပီက သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီရဲ့ပင်နယ်တီကန်သွင်းခွင့်ကလည်း မက်ပီကြောင့် ရရှိခဲ့တာပဲဖြစ်ပါတယ်။ ပြစ်ဒဏ်ဘောကနေလည်း ဂိုးရရှိဖို့နီးစပ်ခဲ့ပေမယ့် ကန်ချက်က ဂိုးတိုင်ဘေးကနေ ကပ်ထွက်ခဲ့တာကြောင့် နောက်ဆုံးစက္ကန့်တိုင်အောင် ပီအက်စ်ဂျီအသင်း ဂိုးရရှိဖို့အသည်းအသန် ကြိုးစားခဲ့ရပါတယ်။

ဒီပွဲရဲ့တင်ဆက်သူဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂယ်ရီလိုင်နီကာက “မက်ဆီက ဇွန်လဆိုရင် ၃၅ နှစ်ပြည့်ပါပြီ။ ရော်နယ်ဒိုကတော့ ၃၇ ပြည့်ပြီးသွားပြီ။ အဲ့တော့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေလည်း လျှော့သင့်ပြီ။ သူတို့အံ့သြစရာတွေ လုပ်ပြနေဆဲပါ ဒါပေမယ့် ဒီဘောလုံးနတ်ဘုရားနှစ်ပါးလည်း အမြဲတမ်းကောင်းနေမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

တိုက်ဆိုင်တာကတော့ မက်ဆီပင်နယ်တီလွဲပြီး တစ်မိနစ်ဝန်းကျင်မှာတင် ခရစ္စတီယာနိုရော်နယ်ဒိုက မန်ချက်စတာယူနိုက်တက်အတွက် ဦးဆောင်ဂိုး သွင်းယူကာ ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ရီးရဲလ်တို့ရဲ့ ဒုတိယအကျော့ကိုတော့ မတ်လ ၉ ရက်နေ့မှာ ကစားသွားမှာ ဖြစ်ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ပီအက်စ်ဂျီ #မက်ဆီ #ချန်ပီယံလိဂ် #လိုင်နီကာ