ရှေ့သို့
Image

ဒိုင်နိုဆောလက်လို့ လှောင်ပြောင်ခဲ့ရလို့ ဘီယာဆိုင်မှာ ရန်ပွဲဆင်နွှဲခဲ့တဲ့ ပစ်ဖို့ဒ်

4:06 PM, 15 February

အင်္ဂလန်နဲ့ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်တစ်ယောက် တနင်္ဂနွေနေ့က တိုင်နီဆိုက်တောင်ပိုင်းက ဘီယာဆိုင်တစ်ခုမှာ ရန်ဖြစ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းခံနေရတယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ပစ်ဖို့ဒ်နဲ့သူငယ်ချင်းတွေဟာ ဘိုလ်ဒွန်တောင်ပိုင်းမှာရှိတဲ့ ဘက်ဂါဘရေ့ဂျ်ဆိုတဲ့ ဘီယာဆိုင်မှာ ရှိနေတုန်း အခြားအဖွဲ့တစ်ခုက ပစ်ဖို့ဒ်ကို “ လက်တိုလေး ” ဆိုပြီး စနောက်ခဲ့ကြပါတယ်။

ပစ်ဖို့ဒ်ရဲ့ သူငယ်ချင်းတွေလည်း စိတ်မထိန်းနိုင်တော့တဲ့အဆုံး ရန်ပွဲဆင်နွှဲခဲ့ကြပြီး တစ်ယောက်နှာခေါင်းရိုးကျိုးပြီး ရန်ပွဲကိုဗီဒီယိုရိုက်ခဲ့တဲ့ တစ်ယောက်ကတော့ ဖုန်းရိုက်ခွဲခံခဲ့ရတယ်လိုပ သိရပါတယ်။ တနင်္ဂနွေည ၉ နာရီမှာ ဘီယာဆိုင်ကို ရဲတွေရောက်လာခဲ့ပေမယ့် ပစ်ဖို့ဒ်တို့အဖွဲ့က ဆိုင်ထဲကနေ ထွက်သွားခဲ့ပြီလို့ သိရပါတယ်။ ဒါပေမယ့် အဲဗာတန်ဂိုးသမားကိုတော့ ဘယ်သူမှထိခိုက်အောင် မလုပ်သွားဘူးလို့ ပြောခဲ့ပါတယ်။

မျက်မြင်သက်သေတစ်ဦးက “ဟိုအဖွဲ့က သူ့ကိုသွားဆွတာပါ။ လက်တိုလေး၊ လက်တိုလေးနဲ့ ပြောနေသံတော့ကြားတယ်။ ပြီးလည်းပြီးရော ထချကုန်တာပဲ။ ရန်ပွဲကအရမ်းမြန်တယ်၊ ပြီးတာနဲ့ သူတို့တစ်ဖွဲ့လုံး ချက်ချင်းပြေးသွားတယ်။ ဘီယာတွေတောင် ကုန်ေအောင်မသောက်သွားဘူး။ တစ်ယောက်တော့ နှာခေါင်းရိုးကျိုးသွားတာတွေ့တယ်။ ပစ်ဖို့ဒ်ဘာဒဏ်ရာမှ မရသွားပါဘူး။ ရန်ပွဲပြီးတာနဲ့ သူအရင်ဆုံး အပြင်ထွက်သွားတာပါ။ ရဲတွေမရောက်ခင် ပစ်ဖို့ဒ်တို့တစ်ဖွဲ့လုံး မီနီဘတ်စ်တစ်စီးနဲ့ ထွက်သွားတာ တွေ့လိုက်တယ်”လို့ ပြောခဲ့ပါတယ်။

ဒီရန်ပွဲဟာ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ နယူးကာဆယ်ပရိသတ်တွေက စိန့်ဂျိမ်းစ်ပတ်မှာ ကစားတဲ့ပွဲချိန်အတွင် T-Rex ဝတ်စုံ ဝတ်ပြီးတော့ပါ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို လှောင်ပြောင်ခဲ့ကြပါတယ်။ နယူးကာဆယ်က အင်္ဂါညပွဲစဉ်မှာ ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အဲဗာတန်ရဲ့ မြို့ခံပြိုင်ဘက် လီဗာပူးရဲ့ ပရိသတ်တွေကလည်း ပစ်ဖို့ဒ်ကို “သူလက်တွေက ဘားတန်းကိုမထိနိုင်ဘူး၊ သူမှာလက်တိုလေးတွေပဲရှိတယ်”လို့ သီချင်းလုပ်ဆိုခဲ့ကြပါတယ်။

#အင်္ဂလန် #အဲဗာတန် #ပစ်ဖို့ဒ်