ရှေ့သို့
Image

မန်စီးတီးနဲ့ ရာသီကုန်မှာ ပူးပေါင်းမယ့် ဂျူလီယန်အယ်ဗာရက်ဇ်ကို ချီးကျူးခဲ့တဲ့ အဂူရို

4:04 PM, 15 February

ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း မည်သည့်အပြောင်းအရွှေ့ကိုမှ တရားဝင်ကြေညာခဲ့ခြင်း မရှိပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံအသင်းဟာ အာဂျင်တီးနားလက်ရွေးစင်လေး အယ်ဗာရက်ဇ်ကို အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ရေးဗားပလိတ်ကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။ ၂၁ နှစ်အရွယ် ကစားသမားဟာ မန်ချက်စတာကို နွေရာသီ ပြောင်းရွှေ့မှာလည်း ဖြစ်ပါတယ်။

ရေးဗားပလိတ်အကယ်ဒမီက ထွက်ပေါ်လာတဲ့ အယ်ဗာရက်ဇ်ကို မန်စီးတီးဂန္တဝင်ဖြစ်တဲ့ ဆာဂျီယိုအဂူရိုနဲ့ နှိုင်းယှဉ်လေ့ရှိကြပါတယ်။ မန်စီးတီးပရိသတ်တွေကလည်း အယ်ဗာရက်ဇ်နဲ့ ပြီးခဲ့တဲ့နွေရာသီကမှ ဘာစီလိုနာကို အလွတ်နဲ့ ပြောင်းရွှေ့သွားတဲ့ အဂူရိုရဲ့ တူညီမှုတွေကို သတိထားမိခဲ့ကြပြီး မကြာခဏ နှိုင်းယှဉ်ခဲ့ကြပါတယ်။

အာဂျင်တီးနားအသင်းဖော် အယ်ဗာရက်ဇ်ရဲ့ ခြေစွမ်းကို အဂူရိုကလည်း နှစ်သက်သူဖြစ်ပြီး မကြာသေးမီက သူ့ရဲ့ Twitch live stream မှာ ချီးကျူးခဲ့ပါသေးတယ်။ အဂူရိုက “ကျွန်တော်သူနဲ့ ရင်းနှီးပါတယ်။ အာဂျင်တီးနား အသင်းမှာ သူနဲ့တွေ့တုန်းက စကားတွေအများကြီး ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော့် အတွေ့အကြုံတွေကို အမြဲတမ်းမေးတတ်ပြီး ကျွန်တော်သိသမျှကို ပြောပြခဲ့ပါတယ်။ အဲ့လိုမေးတာမျိုး ကျွန်တော်အရမ်းကြိုက်တယ်၊ သူကတကယ့် ကစားသမားကောင်း တစ်ယောက်ပဲ။ ဂျူလီယန်က တကယ်ကောင်းတဲ့ကစားသမားပါ။ ကျွန်တော့်အကြိုက်ကစားသမား တစ်ယောက်ပါပဲ၊ သူမန်ချက်စတာစီးတီးမှာ နေရာရပါလိမ့်မယ်။ သူတို့(မန်စီးတီး)ကလည်း ကောင်းကောင်းအသုံးချတတ်ပါတယ်။ ကျွန်တော့်လိုမျိုး နံပတ် ၉ နေရာမှာ ကစားမလားဆိုတာတော့ မသိဘူး။ သူကနေရာတစ်ခုတည်းမှာ အသေမကစားဘူး၊ အမြဲတမ်း နေရာစုံမှာ လှုပ်ရှားကစားနေတတ်တဲ့သူပါ”ဆိုပြီး ပြောခဲ့ပါတယ်။

လူငယ်တိုက်စစ်မှူးဟာ အီတီဟတ်ကို ပြောင်းရွှေ့တော့မယ့် သတင်းတွေနဲ့အတူ မန်ချက်စတာစီးတီးဟာ အယ်ဗာရက်ဇ်ကို ခေါ်ယူနိုင်ဖို့ ပေါင် ၁၄ သန်းနဲ့ အပိုဆုကြေးအနည်းငယ်သာ ပေးခဲ့ရပါတယ်။ လက်ရှိမှာတော့ အာဂျင်တီးနားသားလေးဟာ သူ့ရဲ့ငယ်ဘဝကလပ်မှာပဲ ရာသီကုန်ထိ အငှားကစားနေပါတယ်။

#မန်စီးတီး #အဂူရို #အပြောင်းအရွှေ့ #ဂျူလီယန်အယ်ဗာရက်ဇ်