ရှေ့သို့
Image

ယာယီနည်းပြ ရန်နစ်နဲ့ ရော်နယ်ဒိုတို့ကြား ဆက်ဆံရေး လုံးဝကိုပျက်စီးနေပြီလို့ သတင်းထွက်ပေါ်

10:16 AM, 15 February

ယူနိုက်တက်အသင်းယာယီနည်းပြ ရန်နစ်နဲ့ ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒိုတို့ကြား ဆက်ဆံရေးက လုံးဝကို ပျက်စီးကျိုးပျက်နေပြီး ရော်နယ်ဒိုက ရန်နစ်အနေနဲ့ သူ့ဆီကနေ အကောင်းဆုံး ခြေစွမ်းထုတ်မယူနိုင်ဘူးလို့ ယုံကြည်နေကြောင်း သတင်းတွေက ရေးသားဖော်ပြနေပါတယ်။

ဂျာမနီနိုင်ငံသား ရန်းနစ်ဟာ ဆိုးလ်ရှား နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် ယာယီနည်းပြအဖြစ် အစားထိုးတာဝန်ယူခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာသာ ရပ်တည်နေသလို အသင်းရဲ့ အဝတ်လဲခန်းအတွင်း တင်းမာမှုတွေရှိနေတယ်လို့ သိရပါတယ်။ စပိန်သတင်းစာ AS ရဲ့ဖော်ပြချက်အရ ရန်းနစ်ကို အသင်းရဲ့နာမည်ကြီးကစားသမားတွေက ထောက်ခံခြင်းမရှိဘဲ အဓိကအားဖြင့် ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုက ထိပ်ဆုံးကနေ ပါဝင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်း ထိပ်ဆုံး ၄သင်းစာရင်းဝင်ဖို့ ရုန်းကန်နေရချိန်မှာ ရန်းနစ်နဲ့ ရော်နယ်ဒိုတို့ကြား ဆက်ဆံရေး အဖတ်ဆယ်မရအောင် ကျိုးပျက်နေပြီး ဘော်လွန်းဒီအော်ဆု ၅ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုက ရန်နစ်အနေနဲ့ ယူနိုက်တက်ကို ထိန်းကျောင်းဖို့နဲ့ သူ့ဆီကနေ အကောင်းဆုံးခြေစွမ်းထုတ်ယူဖို့ လုံလောက်တဲ့အရည်အသွေးမရှိဘူးလို့ ယုံကြည်နေကြောင်း သိရပါတယ်။ နောက်ထပ်ဆိုးရွားမှုအဖြစ် ရန်းနစ်ကလည်း ရော်နယ်ဒိုအနေနဲ့ ဂိုးရှေ့မှာ ပုံစံကောင်းမပြနိုင်ဘူးလို့ စွပ်စွဲခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယခုရာသီမှာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပေမယ့် နောက်ဆုံး ၆ပွဲဆက်ဂိုးပေါက်ပျောက်နေပြီး ရန်နစ်ကလည်း ရော်နယ်ဒိုရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ မပျော်မရွှင်ဖြစ်နေပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုကလည်း ယခုရာသီ ပွဲတချို့မှာ စိတ်ပျက်လက်ပျက်အမူအရာတွေ ပြသခဲ့ပြီး ဘန်လေနဲ့ကစားခဲ့တဲ့ပွဲမှာ လူစားဝင်လာပြီးနောက် ခြေစွမ်းသိပ်မပြနိုင်ဘဲ အသင်းကလည်း သရေသာကျခဲ့လို့ ပွဲအပြီးမှာ ရော်နယ်ဒိုက ကွင်းထဲကနေ ချက်ချင်းထွက်ခွာသွားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်နစ်