ရှေ့သို့
Image

ယူနိုက်တက်ပစ်မှတ် အန်ကွန်ကူရဲ့ ကစားသမားဘဝကို ကယ်တင်ခဲ့ဖူးတဲ့ ရန်နစ်

10:10 AM, 15 February

မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ လိုက်ပ်ဇစ် ကွင်းလယ်လူ ခရစ္စတိုဖာအန်ကွန်ကူရဲ့ ကစားသမားဘဝကို လက်ရှိယူနိုက်တက် ယာယီနည်းပြရာ့ဖ်ရန်နစ်က ကယ်တင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ လိုက်ပ်ဇစ်ကွင်းလယ်လူဟာ ဒီရာသီမှာ ခြေစွမ်းပြကစားလျက်ရှိတာကြောင့် နွေရာသီမှာ ဥရောပထိပ်တန်းအသင်း အချို့ရဲ့စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

အန်ကွန်ကူဟာ ဒီရာသီပြိုင်ပွဲစုံ ၃၁ ပွဲကစားထားပြီး ချန်ပီယံလိဂ်သွင်းဂိုး ၆ ဂိုး အပါအဝင် ပြိုင်ပွဲစုံ သွင်းဂိုး ၁၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ထားပါတယ်။ အခုဆိုရင် ရန်နစ်ကိုယ်တိုင်က လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ၂၄ နှစ်သားကို ခေါ်ယူဖို့အတွက် ယူနိုက်တက်တာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။ သတင်းတွေအရတော့ ယူနိုက်တက်ကလည်း ရန်နစ် အကြံပေးထားတဲ့အတိုင်း ကွင်းလယ်ပစ်မှတ်တွေထဲမှာ အန်ကွန်ကူကို ထည့်သွင်းထားပါတယ်။

ရန်နစ်လိုက်ပ်ဇစ်အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူစဉ်က ၂၀၁၉ မှာ အန်ကွန်ကူကို ပီအက်စ်ဂျီကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အန်ကွန်ကူဟာ ပီအက်စ်ဂျီမှာတုန်းက ပထမအသင်းမှာ နေရာရဖို့ရုန်းကန်ခဲ့ရပြီး ရန်နစ်ရဲ့ ခေါ်ယူမှုကြောင့် လိုက်ပ်ဇစ်မှာ သူ့ရဲ့ကစားသမားဘဝကို တစ်ဖန်ပြန်ရှင်သန်အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ယူ ၂၁ လက်ရွေးစင်ဟောင်းဟာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က လိုက်ပ်ဇစ်ကို မရောက်မီ အာဆင်နယ်အသင်းနဲ့ ဆွေးနွေးခဲ့ဖူးပါသေးတယ်။ ဘွန်ဒက်လီဂါကလပ်ဘက်ကတော့ သူတို့ရဲ့အဓိက ကစားသမား တစ်ယောက်ဖြစ်တဲ့ အန်ကွန်ကူကို ဆက်ထိန်းဖို့ ကြိုးစားသွားမှာဖြစ်ပေမယ့် စိတ်ဝင်စားမှုတွေကတော့ အများအပြား ရှိနေတုန်းပါပဲ။

လိုက်ပ်ဇစ်အကြီးအကဲ အိုလီဗာမင့်ဇ်လက်ဖ်ကတော့ “သူ(အန်ကွန်ကူ)က ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ ကစားသမားဖြစ်တာကြောင့် နောက်ရာသီမှာလည်း အသင်းမှာ ဆက်ရှိနေဦးမှာပါ။ ဘောလုံးမှာ ဘာကိုမှ ပုံသေတွက်ထားလို့မရပေမယ့် ဒါက ကျွန်တော်တို့ရဲ့ တကယ့်အစီအစဉ်ပါပဲ။ နွေရာသီမှာ အသင်းကထွက်ခွာမယ့် ကစားသမား သိပ်မရှိပါဘူး။ အသင်းကို အင်အားနည်းစေမယ့်အစား ပိုကောင်းလာအောင်ပဲ လုပ်ချင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

နွေရာသီမှာ ကွင်းလယ်ကစားသမားသစ် ခေါ်ယူဖို့က ယူနိုက်တက်ရဲက အဓိကရည်ရွယ်ချက် တစ်ခုဖြစ်ပြီး အမြဲတမ်းနည်းပြသစ် ရောက်တာနဲ့ ကစားသမားသစ်တွေကို ဆက်တိုက်ခေါ်ယူဖွယ် ရှိပါတယ်။ ရာသီကုန်မှာ အဓိကကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကို အလွတ်နဲ့ဆုံးရှုံးရနိုင်တာကြောင့် ယူနိုက်တက်ရဲ့ ကွင်းလယ်က ပိုပြီးလိုအပ်ချက် များလာနိုင်ပါတယ်။

အဲ့ဒါကြောင့် အန်ကွန်ကူအပြင် ရန်နစ်ခေါ်ယူပေးခဲ့တဲ့ နောက်ထပ်လိုက်ပ်ဇစ်ကစားသမား တစ်ဦးဖြစ်တဲ့ ဟိုက်ဒါရာ၊ မာဆေးလ်က ကာမာရာ၊ ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်၊ လိဒ်စ်ယူနိုက်တက်က ကယ်လ်ဗင်ဖီးလစ်စတဲ့ ကွင်းလယ်ကစားသမား အတော်များများကို စောင့်ကြည့်လျက်ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #လိုက်ပ်ဇစ် #အပြောင်းအရွှေ့ #အန်ကွန်ကူ #ရန်နစ်