ရှေ့သို့
Image

အာဆင်နယ် ပစ်မှတ်စာရင်းထဲမှာ ပါဝင်လာတဲ့ ဆောက်သမ်တန်စတား ဘရိုဂျာပါဝင်လာ

2:58 PM, 14 February

အာဆင်နယ် အသင်းဟာ နွေရာသီမှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ပြင်ဆင်နေပြီး ပစ်မှတ်စာရင်းထဲမှာ ချဲလ်ဆီး တိုက်စစ်မှူး ဘရိုဂျာလည်း ပါဝင်လာပါတယ်။ အာဆင်နယ်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်း ဗလာဟိုဗစ်ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ကစားသမားက ဂျူဗင်တပ်စ်ကိုသာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဆိုစီဒက်တိုက်စစ်မှူး အီဆက်ကို ခေါ်ယူဖို့ ပြင်ဆင်နေပေမယ့် ဆွီဒင်သားက လာမယ့်ရာသီ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရမှသာ အသင်းပြောင်းဖွယ်ရှိနေပါတယ်။ အခြားတစ်ဖက်မှာလည်း အာဆင်နယ်ရဲ့ပစ်မှတ်ထဲမှာ ကယ်လ်ဗက်လီဝင်လည်း ပါဝင်လာတယ်လို့ သတင်းတွေက ဆိုသလို အာတီတာက ဘရိုဂျာကိုလည်း စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးကနေ ဆောက်သမ်တန်မှာအငှားထွက်ကစားနေတဲ့ ဘရိုဂျာဟာ ဒီရာသီ ၁၅ ပွဲမှာ ၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ယူနိုက်တက်ကို ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲတုန်းက မက်ဂွါရီနဲ့ ဗာရာနီတို့ကို ဒုက္ခပေးနိုင်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ အာဆင်နယ်ဟာ အန်ကီတီယာနဲ့ လာကာဇက်တီတို့ကို လက်လွှတ်ရမှာဖြစ်တာကြောင့် နွေရာသီမှာ ကစားသမား ၃  ဦးကို ပစ်မှတ်ထားနေပါတယ်။

အာတီတာက တိုက်စစ်မှူးတစ်ဦး ၊ ကွင်းလယ်ဗဟို နဲ့ ညာနောက်ခံလူတစ်ဦးတို့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ သတင်းတွေအရ ဆောက်သမ်တန်က ချဲလ်ဆီးအသင်းမှာ နေရာမရနိုင်တဲ့ ဘရိုဂျာကို အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

"သူက ကျွန်တော်တို့ ကစားသမားပါ။ သူအကောင်းဆုံးလုပ်ဆောင်နေပါတယ်။ တစ်ချိန်တည်းမှာပဲ သူတိုးတက်မှုတွေ ပြသလာခဲ့ပါတယ်။ ဘာကြောင့် ကျွန်တော်တို့ ကစားသမားတွေလို့ပြောရတဲ့ အကြောင်းအရင်းရှိပါတယ်။ သူတို့က အခုဆို မတူညီတဲ့ပတ်ဝန်းကျင်မှာ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။ အာမန်ဒိုက ပိုပိုပြီးကောင်းလာပါတယ်။ ပြီးပြည့်စုံတဲ့ကစားသမားဖြစ်လာပါပြီ။ အခုတော့ စကားပြောရမယ့်အချိန်မဟုတ်သေးပါဘူး။ လက်ရှိမှာ သူဆက်လက်တိုးတက်နေဖို့ လိုအပ်ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ဘရိုဂျာ