ရှေ့သို့
Image

စတာလင်ရဲ့ စာချုပ်သစ်ဟာ မန်စီးတီးအတွက် အရေးကြီးတဲ့ကိစ္စဖြစ်လာပြီလို့ ဂွာဒီယိုလာ ဝန်ခံ

1:12 PM, 14 February

မန်ချက်စတာစီးတီး အသင်းရဲ့ ပက်ဂွာဒီယိုလာက တောင်ပံကစားသမား ရာဟင်စတာလင်ရဲ့ စာချုပ်ကိစ္စဟာ မသေချာသေးတာကြောင့် အရေးကြီးတဲ့ အနေအထားဖြစ်လာတယ်လို့ ပြောခဲ့ပါတယ်။ အင်္ဂလန်စတားဟာ မနေ့ညက နောဝစ်ချ်ကို ၄-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ၂ နှစ်နီးပါး ဝေးကွာခဲ့တဲ့ ဟတ်ထရစ်ဂိုးကို ပထမဆုံးအကြိမ် ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် စတာလင်ရဲ့ လက်ရှိစာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး စာချုပ်သစ်ကိစ္စကလည်း မရေရာသေးတာကြောင့် အနာဂတ်မတည်မငြိမ် ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ သူ့ရဲ့နေရာကို ဖီးလ်ဖိုဒန်နဲ့ အစားထိုးခံခဲ့ရပြီးနောက် စတာလင်က အသင်းမှာ ပုံမှန်နေရာမရတော့ဘူးဆိုရင် ထွက်ခွာဖို့ စဉ်းစားရနိုင်ကြောင်း ပြောခဲ့ပြီး မန်စီးတီးကလည်း စတာလင်ရဲ့ ထွက်ခွာမှုကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘယ်တောင်ပံကစားသမား တစ်ယောက်ဖြစ်တဲ့ ဂျက်ဂရီးလစ်ရှ်ကိုလည်း စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူထားပါတယ်။

အဲ့ဒီနောက်ပိုင်း စတာလင်ဟာ ၁၅ ပွဲကစားပြီး ၁၁ ဂိုး သွင်းယူကာ မန်စီးတီးရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်ပြန်ဖြစ်လာခဲ့ပါတယ်။ စတာလင်ရဲ့ အနာဂတ်နဲ့ ပက်သက်လို့ မေးမြန်းရာမှာတော့ ဂွာဒီယိုလာက စာချုပ်သစ် ချုပ်ဖို့ တောင်းဆိုထားပေမယ့် သူလက်လှမ်းမမီတဲ့ ကိစ္စဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “သူ့စာချုပ်က အရေးကြီးတဲ့ အခြေအနေ ဖြစ်နေပြီဆိုတာ အသင်းကလူတိုင်းသိပါတယ်။ သူကလည်း ခြေစွမ်းနဲ့ သက်သေပြပြီးပါပြီ။ ကျွန်တော်ကတော့ ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို ဒီနေ့ဖြစ်ဖြစ်၊ မနက်ဖြန်ဖြစ်ဖြစ် တတ်နိုင်သမျှ အမြန်ဆုံး အသင်းမှာပဲ ထားချင်ပါတယ်။ သူကစားရတဲ့ပွဲက လက်ချိုးရေလို့ရပေမယ့် ပွဲတိုင်းမှာ ခြေစွမ်းပြနိုင်ပါတယ်။ သူကအဓိက ကစားသမားတစ်ယောက်ပါ။ အနာဂတ်မှာတော့ ဘာတွေဖြစ်မလဲ ကျွန်တော်မသိဘူး။ ဒါကအသင်းက ဆုံးဖြတ်ရမယ့်ကိစ္စပါ။ ကစားသမားတွေရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ရင် ကျွန်တော့်က ကိုယ့်အမြင်ကိုယ်ပြောပြီး ကျန်တာကိုအသင်းက ဆုံးဖြတ်တာပါ။ အကောင်းဆုံး ကစားသမားတွေကိုပဲ လိုချင်ပါတယ်။ ကစားသမားတွေ အသင်းမှာပျော်နေရင် ကျွန်တော်လည်း ဝမ်းသာပါတယ်။ ဒါပေမယ့် စာချုပ်ကိစ္စကတော့ ကျွန်တော့်အလုပ်မဟုတ်တော့ပါဘူး။ အဲ့ကိစ္စမှာ တစ်ခါမှဝင်မပတ်သက်ဖူးဘူး။ ကျွန်တော်ကိုယ်တိုင်ရော၊ အသင်းနဲ့ရော၊ ပွဲကစားဖို့ ထိုက်တန်တဲ့သူ အားလုံးနဲ့ရော သင့်သင့်မြတ်မြတ်ပဲနေတယ်။ အလက်ခ်(ဇင်ချန်ကို) ရဲ့ နောဝစ်ချ်နဲ့ပွဲက ကစားပုံကိုကြည့်တာနဲ့ သူလည်း ပွဲထွက်ခွင့်နဲ့ ထိုက်တန်တယ်ဆိုတာ သိမှာပါ။ လူတိုင်း ကစားခွင့်နဲ့ထိုက်တန်ပါတယ်။ ဒီညတော့ သူ့အတွက် ယုံကြည်မှု ပိုတိုးသွားတာပေါ့။ စတာလင်ကို ကျွန်တော်သိလာတာ ၆ ရာသီရှိပါပြီ။ ဒီရာသီမှာလည်း အကောင်းဆုံး ဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ သူပြုလုပ်နေပါတယ်။ အတက်အကျတွေပြဿနာတွေနဲ့ အချိန်တွေရှိခဲ့ပေမယ့် ဒါကဘဝပါပဲ၊ ဟန်းနီးမွန်းခရီးမဟုတ်ပါဘူး။ ပြဿနာတွေကအမြဲလိုလို ဖြေရှင်းနေရဦးမှာပါ။ ဒါကိုအပြုံးနဲ့ဖြေရှင်းဖို့ပဲ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #စတာလင်