ရှေ့သို့
Image

ဆောက်သမ်တန်နဲ့ ပွဲက မက်ဂွါရီရဲ့ စွမ်းဆောင်ရည်ဟာ ကြက်သေသေနေတဲ့အတိုင်းပဲလို့ မိုက်ကယ်အိုဝင် ဝေဖန်

1:03 PM, 14 February

ယူနိုက်တက်နဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ဆောက်သမ်တန်နဲ့ ပွဲမှာ ယူနိုက်တက်နောက်ခံလူ မက်ဂွါရီတစ်ယောက် လျင်မြန်မှုကင်းမဲ့နေတာက တကယ့်ပြဿနာလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

အင်္ဂလန်သားရဲ့စွမ်းဆောင်ရည်ကို ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သုံးသပ်သူတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒါ့အပြင် ဘန်လေအသင်းရဲ့ချေပဂိုးတုန်းကလည်း အင်္ဂလန်သားတစ်ယောက် အမှားအယွင်းလုပ်ခဲ့သေးတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ယူနိုက်တက်နောက်ခံလူ ဖာဒီနန်က ဘန်လေရဲ့ ချေပဂိုးမှာ မက်ဂွါရီ ပါဝင်ပတ်သက်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"မက်ဂွါရီက ဒီလိုဂိုးတွေကို ဟန့်တားနိုင်စွမ်းမရှိပါဘူး။ အမှန်ဆို ဒီလိုဂိုးတွေကို သူ့အနေနဲ့ ဟန့်တားနိုင်ခဲ့သင့်တာပါ။  သူ့အရှေ့မှာ တိုမီနေးတစ်ယောက်လုံးရှိနေပါတယ်။ သူတစ်ခုခုတော့ လုပ်ခဲ့သင့်ပါတယ်။ အမှားသေးသေးလေးဆိုပေမယ့် အဲ့တာက ကြီးမားတဲ့အခိုက်အတန့်ကို ဖြစ်စေပါတယ်"လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

စနေနေ့တုန်းကလည်း မက်ဂွါရီတစ်ယောက် ဆောက်သမ်တန်တိုက်စစ်မှူးတွေဖြစ်တဲ့ ချီအဒမ် နဲ့ ဘော်ဂျာတို့ကို တားဆီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ယူနိုက်တက်အသင်းမှာ ၃ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ အိုဝင်က လက်စတာ နောက်ခံလူဟောင်းနဲ့ ပတ်သက်ပြီး ကြောက်ရွံ့မိတယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်သူနဲ့ပတ်သက်ပြီး လန့်ပါတယ်။ ပြီးတော့ အနည်းငယ်လည်း ကသိကအောက်ဖြစ်မိပါတယ်။ သူက ချိန်သားကိုက် လျင်မြန်ရမယ့်အချိန်မှာ မလျင်မြန်ပါဘူး။ ပြီးတော့ အမှားကိုလည်း ပြန်အဖတ်ဆယ်ဖို့ မစဉ်းစားပါဘူး။ သူပြိုင်ဘက် ကစားသမားဆီကိုပြေးသွားရင် တစ်ခုခုဖြစ်မလားကို လန့်နေရပါတယ်။ လျင်မြန်မှုမရှိတာက တကယ့်ပြဿနာဖြစ်နေပါတယ်။ ကျွန်တော်တို့ပြောခဲ့ပြီးသလို သူ့အတွက် တကယ့်ပြဿနာက အဲ့တာပါ"လို့ အိုဝင်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆောက်သမ်တန် #မက်ဂွါရီ #မိုက်ကယ်အိုဝင်