ရှေ့သို့
Image

ဆောက်သမ်တန်ရဲ့လူကျွံထောင်ချောက်ထဲ တစ်သင်းလုံးမိခဲ့တဲ့ ယူနိုက်တက်ကို ပရိသတ်များလှောင်ပြောင်

4:58 PM, 13 February

ဆောက်သမ်တန်နဲ့ပွဲမှာ ပွဲပြီးခါနီးမှ ရရှိခဲ့တဲ့ တည်ကန်ဘောကန်ကို မန်ချက်စတာယူနိုက်တက် အသင်းသားတွေရဲ့ နေရာယူပုံက ဆိုးရွားလွန်းတာကြောင့် ပရိသတ်တွေကိုယ်တိုင်က ကိုယ့်အသင်းကိုယ် ပြန်လည် လှောင်ပြောင်ခဲ့ကြပါတယ်။ 

ယူနိုက်တက်ဟာ စနေနေ့ညက ဂျေဒန်ဆန်ချိုရဲ့ အစောပိုင်းသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချီအဒမ်က ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ စိတ်ပျက်စရာ ၁-၁ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းအတွင်းမှာ ပြစ်ဒဏ်ဘောကနေ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ခေါင်းတိုက်ချက်အပါအဝင် ယူနိုက်တက်တို့ အနိုင်ရရှိနိုင်တဲ့ အခွင့်အရေး အတော်များများ ရခဲ့ပေမယ့် ဂိုးမရရှိခဲ့ပါဘူး။ 

ဒါပေမယ့် စည်းကျပ်ဒိုင်က ရော်နယ်ဒိုရဲ့ခေါင်းတိုက် သွင်းဂိုးမှာ ရော်နယ်ဒိုအပြင် နောက်ထပ် ယူနိုက်တက်ကစားသမား ၅ ယောက်လောက်ပါ လူကျွံအနေအထားမှာရှိနေလို့ ဂိုးမပေးခဲ့ပါဘူး။ အဆိုပါ တည်ကန်ဘောကနေ ယူနိုက်တက်ကစားသမားတွေရဲ့ နေရာယူပုံဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ပရိသတ်တစ်ယောက်က “ ဒါကြီးက ဘယ်လိုဖြစ်ရတာလဲ။ လုံးဝကို အဓိပ္ပာယ်မရှိတာပဲ ” နာက်တစ်ယောက်ကလည်း “ ဒီကောင်တွေ ခေါင်းထဲမှာ ဦးနှောက်တောင် မရှိတော့ဘူးလား ” 

တတိယတစ်ယောက်ကလည်း “ ငါတို့ သွင်းဂိုးတစ်ဂိုး အသည်းအသန် လိုအပ်နေချိန်မှာ သူတို့က ကွင်းလယ်ဒိုင်နဲ့ စကားများပြီး အချိန်ဖြုန်းလိုက်ကတည်းက ငါတို့အသင်းသားတွေရဲ့ ဘောလုံး IQ ကို ငါသိလိုက်ပြီ ” ဆိုပြီး လှောင်ပြောင် ဝေဖန်ခဲ့ကြပါတယ်။ အခြားပရိသတ်တွေကလည်း ပြီးခဲ့တဲ့နွေရာသီကမှ ခန့်အပ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ တည်ကန်ဘောနည်းပြ အဲရစ်ရမ်ဆေးကို ဒေါသတကြီး ဝေဖန်ခဲ့ကြပါတယ်။ 

ပရိသတ်တစ်ယောက်က “ ငါတို့ တည်ကန်ဘောနည်းပြကြီးက ရွှေဆုတောင် ရသင့်တယ်ဟေ့ ” နောက်တစ်ယောက်ကလည်း “ အဲရစ်ရမ်ဆေးကြောင့် တိုးတက်လာတဲ့ တည်ကန်ဘော ကစားပုံက ဒါကြီးလား ”  ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရမ်ဆေးကို တည်ကန်ဘောနည်းပြအဖြစ် ခန့်အပ်ထားသော်လည်း ဒီရာသီမှာ တည်ကန်ဘောကနေ လိဂ်သွင်းဂိုး တစ်ဂိုးသာ ရရှိထားပါသေးတယ်။ 

ယာယီနည်းပြ ရာ့ဖ်ရန်းနစ် ကိုယ်တိုင်က နည်းစနစ်ပိုင်းတွေက တော်တော်လေး ထူးဆန်းနေကြောင်း ဝန်ခံခဲ့ပါတယ်။ ရန်နစ်က “ ထရိန်နင်ပြီးတိုင်း သူတို့ရဲ့ ပေးပို့မှုတွေနဲ့ ပက်သက်ပြီး အမြဲမေးနေရတယ်။ ဒါကနည်းနည်းတော့ ထူးဆန်းတယ်။ အမှန်အတိုင်းပြောရရင် ကစားသမားတွေအနေနဲ့ နည်းစနစ်ကျကျ ပေးပို့မှုတွေကို လုပ်ဖို့သင့်တယ် ” ဆိုပြီး ပြောခဲ့ပါတယ်။ 


#မန်ချက်စတာယူနိုက်တက် #ဆန်ချို #ရော်နယ်ဒို #ရန်းနစ်