ရှေ့သို့
Image

ကိုဗစ်ကြောင့် ချဲလ်ဆီးရဲ့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကိုတောင် လွဲချော်လုနီးပါးဖြစ်ခဲ့တယ်လို့ တူချယ်ဖွင့်ဟ

11:22 AM, 13 February

သောမက်စ် တူချယ်က ကိုဗစ်ပိုးတွေ့ခဲ့ပြီးနောက် ချဲလ်ဆီးရဲ့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကိုတောင် လွဲချော်လုနီးပါး ဖြစ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြဟာ ပြီးခဲ့တဲ့အပတ် ပိတ်ရက်က ကိုဗစ်ပိုးတွေ့ခဲ့ပြီးနောက် ၅ရက်ကြာ သီးခြားစီ ခွဲနေခဲ့ရပြိး ကိုဗစ်စစ်ဆေးမှု၂ကြိမ်မှာ Negative ၂ကြိမ် ပြန်လည်ပြသခဲ့ပါတယ်။

ဒါပေမဲ့ ပြည်ပကို ထွက်ခွာဖို့ကတော့ ပိုပြီး တိကျတဲ့ PCR Test မှာ Negative ပြဖို့ လိုအပ်ခဲ့ပေမဲ့ Positiveပဲ ဆက်ပြနေခဲ့ပါတယ်။

တူချယ်က “ကျွန်တော် လေဆိပ်ကို အကြိမ်ကြိမ် သွားခဲ့ပေမဲ့ PCR Testက Negative မဟုတ်တာကြောင့် အိမ်ကိုပဲ ပြန်လာနေရပါတယ်။ လေ့ကျင့်ခန်း အစီအစဉ်မှာ မပါဝင်ခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ စနေည ညစာစားချိန်မှာ ကျွန်တော် အချိန်မီလေး ရောက်လာခဲ့ပါတယ်”

“ကျွန်တော် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့ချိန် လေယာဉ်မရှိတဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလေယာဉ်က နောက်ဆုံးလေယာဉ် မတိုင်ခင် ထွက်တာပါ။ နောက်ဆုံးလေယာဉ်သာဆို ဒီမနက်မှ ရောက်မှာပါ။ ကျွန်တော် ဒီနေ့ အစည်းအဝေးတွေ လုပ်ခဲ့ပြီး ပုံမှန်အတိုင်း ဆက်သွားဖို့ ကြိုးစားနေပေမဲ့ ဒီနေ့ပဲ ရောက်တာကို အခု ပြန်ရပါတော့မယ်”လို့ ပြောခဲ့ပါတယ်။

အယ်ဟီလယ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ရုံးကနေ ကြည့်ရတာ အဆင်မပြေခဲ့ကြောင်းလည်း တူချယ်က ဖွင့်ဟလာခဲ့ပါတယ်။

“ဆီမီးကို ရုံးကနေ ကြည့်ရတာ အဆင်မပြေပါဘူး။ နည်းပြ၁ယောက်က ကွင်းဘေးမှာပဲ နေချင်တာပါ။ ဆီမီးဖိုင်နယ်မှာ ကျွန်တော် ရုံးခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့ပါတယ်။ ကျွန်တော့်မှာ ပွဲအတွက် screenတစ်ခု နည်းစနစ်ပိုင်းအတွက် screen ၁ခု ရှိပါတယ်”

“ကျွန်တော် ပထမပိုင်းနဲ့ ဒုတိယပိုင်းအတွင်း လက်ထောက်တွေနဲ့ အဆက်အသွယ် ရှိပေမဲ့ ကျွန်တော် အဆက်မပြတ် ပြောနေတာမျိုးတော့ မဟုတ်ပါဘူး။ ၁၀စက္ကန့် ၁၅စက္ကန့်လောက်ပါပဲ။ နည်းပြတယ်ဆိုတာ ခံစားချက်လည်း ပါပြီး ကွင်းထဲက သက်ရောက်မှုတွေအပေါ် ခံစားပြီး ကိုင်တွယ်ရတာဖြစ်လို့ ခုလိုကြီးကတော့ ထူးဆန်းပါတယ်။ ကျွန်တော့်အတွက်ကတော့ နည်းပြလုပ်ဖို့ ပွဲနဲ့ ကစားသမားတွေရဲ့ အနီးဆုံးနေရာမှာ ရှိချင်ပါတယ်”လို့ ဆိုပါတယ်။

တူချယ်က ယခု ကလပ်ကမ္ဘာ့ဖလား ဆုဖလားဟာ အသင်းပွဲစဉ်ကို ရှားရှားပါးပါး လာကြည့်ခဲ့တဲ့ ပိုင်ရှင် အေဘရာမိုဗစ်ချ်အတွက် ရည်စူးတယ်လို့လည်း ဆိုခဲ့ပါတယ်။

အလားတူ ယမန်နှစ်ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းခဲ့သလို ယမန်နေ့ကလည်း အချိန်ပိုမှာ ပင်နယ်တီကနေ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ကိုင် ဟားဗက်ဇ်အပေါ် တူချယ်က အမှတ်တရအဖြစ် ချီးကျူးခဲ့ပါတယ်။

#ချဲလ်ဆီး #တူချယ် #ဖီဖာကလပ်ကမ္ဘာ့ဖလား