ရှေ့သို့
Image

အသင်းကြီးနဲ့ ပွဲတွေကို ရှောင်ဖို့ ကစားသမားတွေက ဒဏ်ရာရ ဟန်ဆောင်တတ်ကြောင်း ဖော်စတာ ဖွင့်ဟ

3:28 PM, 12 February

ဝက်ဖို့ဒ်အသင်းရဲ့ ဂိုးသမားဘန်ဖော်စတာက သူ့ရဲ့အသင်းဖော်ဟောင်းတစ်ချို့ဟာ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်တွေကို ရှောင်နိုင်ဖို့အတွက် ဒဏ်ရာရ ဟန်ဆောင်တတ်ကြကြောင်း ထုတ်ဖော်ပြောကြားသွားပါတယ်။ ၃၈ နှစ်အရွယ်ဝါရင့် ဂိုးသမားကြီးဟာ မတူညီတဲ့ ပရီးမီးယားလိဂ်ကလပ် ၄ သင်းမှာ ကစားခဲ့ပြီး လီဗာပူးအသင်းရဲ့ အန်ဖီးလ်ကွင်းကို သွားကစားခဲ့ရတုန်းက အကြောင်းတွေကို ပြောခဲ့ပါတယ်။

ဘန်ဖော်စတာက “ကွင်းကြီးကလှပါတယ်။ အန်ဖီးလ်ကွင်းထဲမှာ သူတို့ရဲ့အထိမ်းအမှတ်သီချင်း (You’ll Never Walk Alone) ကို ဖွင့်ထားတုန်း ကွင်းထဲကိုဝင်လာရပါတယ်။ ဒါက ပွဲမစခင်ပေါ့၊ ကျွန်တော်က ဂိုးအထိသွားနေတုန်း တစ်ကွင်းလုံးဒီသီချင်းကို လိုက်ဆိုနေတာတွေ့တော့ ကျွန်တော်ကိုယ်တိုင်တောင် မသိပဲ လိုက်ဆိုမိခဲ့ဖူးပါတယ်။ တကယ့်ဂန္တဝင်ဆန်တယ်၊ စိတ်ထဲမှာလည်း “ ဝိုး ဒီသီချင်းက တကယ်အဓိပ္ပာယ်ရှိတာပဲ”လို့လည်း တွေးမိတယ်။

လီဗာပူးပရိသတ်တွေက သိက္ခာရှိတယ်။ သူတို့ရဲ့ခေတ်ဟောင်းစတိုင် ကွင်းတွေကလည်း ခမ်းနားတယ်။ အန်ဖီးလ်ကို အဝေးကွင်းအသင်းအနေနဲ့ သွားကစားခဲ့တဲ့အခါ ဘာကထူးခြားစေလဲသိလား။ ကိုယ်ကနည်းပြတစ်ယောက်ဖြစ်ပြီး ကိုယ့်ကစားသမားတွေက စပိန်တို့ အီတလီတို့ကလို အခြားနိုင်ငံတွေကနေ ဒီအန်ဖီးလ်မှာ လာဆုံရတာကိုက ထူးခြားတာပေါ့။ အရမ်းကိုလှပပြီး အံ့သြဖို့ကောင်းတယ်။ ဒါပေမယ့် ကျွန်တော်အာမခံတယ်၊ ဘယ်နိုင်ငံက လာတဲ့ကစားသမားဖြစ်ဖြစ် ဒီကွင်းထဲဝင်တဲ့အချိန်၊ ဒီမြို့ရဲ့လမ်းတွေပေါ်မှာ ကားထွက်မောင်းတဲ့အချိန်တွေမှာ ပရိသတ်ရဲ့ ဆက်ဆံပုံက လုံးဝကိုရင်ထဲထိ ရောက်သွားလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

အသင်းကြီးတွေနဲ့ ကစားရမယ့် ပွဲတွေကျရင် ပရော်ဖက်ရှင်နယ် ကစားသမား တစ်ချို့ပွဲရှောင်ဖို့ ကြိုးစားကြတယ်ဆိုတာ ဟုတ်လားလို့ မေးမြန်းရာမှာတော့ ဖော်စတာက “၁၀၀ ရာခိုင်နှုန်းမှန်တဲ့ သတင်းပါ။ နာမည်တွေတော့ မပြောဘူး ဒါပေမယ့် စနေနေ့က မန်စီးတီးနဲ့ ကစားရတဲ့ ပွဲတုန်းကဆို တစ်ချို့ကစားသမားတွေ ဟိုနေရာနာ၊ ဒီနေရာနာတွေ ထဖြစ်နေကြတယ်။ ကျွန်တော်တောင် “ ဒီတစ်ပတ်တော့ ငါတို့ကောင်တွေ ဒဏ်ရာတွေ ရကုန်တော့မယ်ဟေ့”ဆိုပြီး လိုက်စလိုက်သေးတယ်။ ဟုတ်တော့လည်း ဟုတ်တယ် လီဗာပူး၊ မန်စီးတီးနဲ့ မန်ယူနိုက်တက်တို့နဲ့ ကစားရတဲ့ ပွဲစဉ်တွေဆိုရင် ခြေစွမ်းမပြနိုင်ပဲ ပြန်လာရတာမျိုးတွေ ဖြစ်နေကျလိုပါပဲ။ အဲ့ဒီတော့ ဗုဒ္ဓဟူးနေ့တို့ ကြာသပတေးနေ့တို့မှာ အသင်းကြီးတွေနဲ့ ကန်ရမယ်ဆိုလို့ကတော့ တစ်ချို့ကစားသမားတွေ ဒဏ်ရာထရကုန်တော့တာပဲ။ အဲ့ဒါခဏခဏဖြစ်တဲ့ ကိစ္စတစ်လိုတောင် ဖြစ်နေပြီ”ဆိုပြီး ထုတ်ဖော်ပြောကြားသွားပါတယ်။

#ဝက်ဖို့ဒ် #ဖော်စတာ