ရှေ့သို့
Image

ဂျရတ်လက်အောက်မှာ ဘောလုံးကစားတာကို ကော်တင်ဟို ပြန်လည်ပျော်ဝင်လာပြီလို့ ကာရေဂါ ဖွင့်ဟ

11:22 AM, 12 February

ဘရာဇီးကွင်းလယ်လူ ကော်တင်ဟိုအနေနဲ့ အသင်းဖော်ဟောင်း ဂျရတ်လက်ထက် အက်စတွန်ဗီလာ အသင်းမှာ ဘောလုံးကစားရတာကို ပြန်လည်ပျော်ဝင်လာပြီဖြစ်ကြောင်း လီဗာပူးအသင်းဖော်ဟောင်း ဂျေမီကာရေဂါက ပြောပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ကော်တင်ဟိုဟာ ၂၀၁၈ က လီဗာပူးကနေ ဘာစီလိုနာကို ပေါင် ၁၄၅သန်းနဲ့ ပြောင်းရွှေ့သွားပြီးနောက် နူးကမ့်မှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် အခုတော့ ဘာစီလိုနာကနေ ဗီလာကို အငှားနဲ့လာရောက်ကစားရင်း အကောင်းဆုံးခြေစွမ်းပြန်လည်ရရှိဖို့ ကြိုးစားနေပါတယ်။

ကော်တင်ဟိုဟာ လီဗာပူးမှာ ရှိစဉ်က ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်က လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လုနီးပါးအထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကော်တင်ဟိုဟာ ဗီလာမှာ သူ့ရဲ့ပုံစံကောင်းတွေပြန်လည်ရရှိနေပြီး အသင်းသစ်အတွက် ၃ပွဲကစားပြီးချိန်မှာ ၂ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။ ကာရေဂါက ကော်တင်ဟိုရဲ့ကစားသမားဘဝကို ဂျရတ် ပြန်လည်တည့်မတ်ပေးမှုက ယခုရာသီရဲ့အကောင်းဆုံးပုံပြင်တစ်ပုဒ်ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။

''တကယ်လို့ ကော်တင်ဟိုသာ သူ့ရဲ့လီဗာပူးအသင်းဖော်ဟောင်း ဂျရတ် လက်အောက် ဗီလာမှာ ကစားသမားဘဝပြန်လည်တည့်မတ်လာမယ်ဆိုရင်တော့ ဒီအကြောင်းက အပြောင်မြောက်ဆုံး ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာနိုင်ပါတယ်။ ကစားသမားနဲ့ မန်နေဂျာတို့ကို အသိအမှတ်ပြုရမှာပါ။ ဒီနေရာမှာ ဗီလာနဲ့ ကစားသမားဖြစ်သူတို့ကိုလည်း ချီးကျူးရပါမယ်''

''ကော်တင်ဟိုဆိုရင် ဘရာဇီးလက်ရွေးစင်အဖြစ် ချန်ပီယံလိဂ်မှာ ကစားသင့်တာဖြစ်ပေမယ့် ဗီလာကို ပြောင်းရွှေ့ဖို့ ရဲရဲရင့်ရင့်ဆုံးဖြတ်ခဲ့ပါတယ်။ ဂျရတ်မရှိရင်တော့ သူလည်း ဗီလာကို ပြောင်းရွှေ့လာမှာမဟုတ်ပါဘူး။ သူ့အကြောင်း အားလုံးသိတဲ့ ဂျရတ်ရဲ့ လက်အောက်မှာ ကော်တင်ဟိုလည်း ဘောလုံးကစားရတာကို ပြန်လည်ပျော်ဝင်နေပါပြီ။ ကော်တင်ဟိုဟာ သူ့ကို ယုံကြည်ပြီး ချစ်မြတ်နိုးတဲ့ ရော်ဂျာနဲ့ ကလော့ပ်တို့ရဲ့လက်အောက်မှာ ကစားခဲ့တုန်းကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်''လို့ ကာရေဂါက ပြောပါတယ်။

#ဘာစီလိုနာ #အက်စတွန်ဗီလာ #ကော်တင်ဟို #စတီဗင်ဂျရတ်