ရှေ့သို့
Image

သူ့လိုမျိုး နောင်တရတာမျိုးမဖြစ်ရအောင် ကလပ်ကမ္ဘာ့ဖလားကို အရယူဖို့ ပီတာချက် မှာကြားခဲ့တယ်လို့ မေဆင်မောင့် ဖွင့်ဟ

10:54 AM, 12 February

ချဲလ်ဆီး အသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးအဖြစ် လုပ်ကိုင်နေတဲ့ ဂိုးသမားဟောင်း ပီတာချက်ဟာ အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၄ကြိမ်၊ အက်ဖ်အေဖလား ၃ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ကြိမ် ရယူနိုင်ခဲ့ပေမယ့် အသင်းနဲ့ပတ်သက်လို့ နောင်တရစရာတစ်ခုရှိခဲ့ပါတယ်။

ချဲလ်ဆီးအသင်း ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၂ ပြိုင်ပွဲမှာ ကိုရင်သီယန်အသင်းကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး အဲဒီရှုံးပွဲကြောင့် ပီတာချက် နောင်တရနေတာဖြစ်ကြောင်း ကွင်းလယ်လူ မေဆင်မောင့်က ပြောပါတယ်။

''ပီတာချက်ဟာ ဒီတစ်ပတ်ပြုလုပ်တဲ့ထရိန်နင်အစီအစဉ်မှာ ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ ပြောခဲ့ပါတယ်။ သူ့အနေနဲ့ ကစားသမားဘဝမှာ နောင်တအများကြီးရခဲ့တာမျိုးမရှိပေမယ့် အဲဒီအနည်းအကျဉ်းထဲကတစ်ခုကတော့ အခွင့်အရေးရတုန်း ဖီဖာကလပ်ကမ္ဘာ့ဖလား ချန်ပီယံမဖြစ်ခဲ့တာပဲဆိုပြီး ပြောခဲ့တာပါ။ အဲဒီအခွင့်အရေးက သူ့ရဲ့ကစားသမားဘဝမှာ တစ်ကြိမ်တစ်ခါပဲ ရခဲ့တာပါ။ ကျွန်တော်တို့ကစားသမားဘဝမှာလည်း အဲဒီလိုဖြစ်လာနိုင်ပါတယ်။ ဒီတော့ ပြိုင်ပွဲအပေါ် ဘယ်လောက်အထိ သဘောထားလဲဆိုတာ အားလုံးနားလည်မယ်ထင်ပါတယ်''

''ပြိုင်ပွဲဝင်ခွင့်ရဖို့က ခက်ပါတယ်။ ကိုယ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မှ ဒီပြိုင်ပွဲမှာ ဝင်ခွင့်ရတာဖြစ်ပြီး အခွင့်အရေးများများစားစားမလာဘူးဆိုတာလည်း သိထားပါတယ်''လို့ မေဆင်မောင့်က ပြောပါတယ်။

ယနေ့ညမှာ ဗိုလ်လုပွဲအဖြစ် ဘရာဇီးကလပ် ပါးလ်မီးရပ်စ်နဲ့ကစားရမယ့် ချဲလ်ဆီးအသင်းအတွက် သတင်းကောင်းတစ်ရပ်အဖြစ် ကိုဗစ်ဖြစ်နေရာကနေ အပြည့်အဝသက်သာလာပြီဖြစ်တဲ့ နည်းပြ တူချယ် အဘူဒါဘီမြို့ရှိ အသင်းနဲ့အတူ လာရောက်ပူးပေါင်းနိုင်ခဲ့တဲ့အချက်ပဲဖြစ်ပါတယ်။ မေဆင်မောင့်အနေနဲ့ ၉လအတွင်း အဓိကပြိုင်ပွဲကြီး ၅ခုရဲ့ဗိုလ်လုပွဲ ကစားခွင့်ရမှာဖြစ်ပြီး အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ဖလား၊ ယူရို ၂၀၂၀၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ဖြစ်ပါတယ်။

#ချဲလ်ဆီး #မေဆင်မောင့် #ပီတာချက်