ရှေ့သို့
Image

လူမှုကွန်ရက်မှာ ဝှက်စာတင်ပြီး ပွဲရှာလိုက်ပြန်တဲ့ လူကာကူ

9:56 AM, 12 February

ရိုမီလူ လူကာကူဟာ တူချယ်ရဲ့ နည်းစနစ်တွေကို ဝေဖန်ပြီး ၂ပတ်အကြာမှာပဲ လူမှုကွန်ရက်မှာ ဝှက်စာသဘောမျိုး တင်ခဲ့ပြန်တာကြောင့် သတင်းတွေထဲ ပြန်ပါလာခဲ့ပြန်ပါတယ်။

လူကာကူက “အတင်းကြီးလုပ်ခိုင်းရင် သိပ်ပြီးအံဝင်ခွင်ကျတော့ ရှိနိုင်မှာမဟုတ်ဘူး”ဆိုတဲ့ ဝှက်စာကို snapchatမှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စာကတော့ ချဲလ်ဆီးကို ခနဲ့တာလည်း မဟုတ်နိုင်သလို ဘာကို ဆိုလိုချင်မှန်း မသိတဲ့စာတစ်ခု ဖြစ်နေကာ ဒါဟာ စကိုင်းအီတလီနဲ့ အင်တာဗျူးလုပ်ကာ နည်းပြကို ဝေဖန်ပြီး တစ်လအကြာမှာပဲ တင်ခဲ့တာ ဖြစ်နေပါတယ်။

ဒီဇင်ဘာလကုန်က အီတလီရုပ်သံနဲ့ အင်တာဗျူးမှာ ၂၈နှစ်သားက ချဲလ်ဆီးနည်းပြ တူချယ်လက်အောက် လိုချင်တဲ့အတိုင်း မကစားရပဲ အင်တာမီလန်ကို ပြန်ချင်ကြောင်း ဝန်ခံထားခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ယမန်နှစ်ရာသီက အင်တာကို စီးရီးအေဖလားရအောင် ကူညီပေးခဲ့ပြီး အသင်း စာချုပ်သစ် ကမ်းလှမ်းတဲ့အချိန် လက်ခံလိုက်ရမှာ ဆိုပြီး စကိုင်းအီတလီကို ပြောခဲ့ပါတယ်။

လူကာကူဟာ အဆိုပါ အင်တာဗျူးကြောင့် ဇန်နဝါရီ ၂ရက်နေ့ လီဗာပူးနဲ့ပွဲစဉ်မှာ ချန်လှပ်ခံခဲ့ရပေမဲ့ ရက်ပိုင်းအကြာမှာပဲ တော့တင်ဟမ်နဲ့ ကာရာဘောင်ဖလားပွဲမှာ ပြန်ပါလာခဲ့ပါတယ်။ လူကာကူက အဆိုပါ အင်တာဗျူးအပေါ် အသင်းက တရားဝင်ထုတ်ပြန်တဲ့ ဗီဒီယိုကနေတစ်ဆင့် တောင်းပန်ခဲ့သလို တူချယ်ကလည် အားလုံးပါဝင် ညှိနှိုင်းပေးမှုကြောင်း ကိစ္စ မြန်မြန်ပြီးသွားတယ်လို့ ဆိုခဲ့ပါတယ်။

အသင်းကို တောင်းပန်ခဲ့ပြီးနောက် လူကာကူဟာ ပြိုင်ပွဲစုံ ၈ပွဲဆက် ပါဝင်ကစားထားပေးခဲ့ပြီး ချက်စ်တာဖီးလ်နဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်၊ အယ်ဟီလယ်နဲ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

#ချဲလ်ဆီး #လူကာကူ #တူချယ်