ရှေ့သို့
Image

မန်ဒီ အာဖရိကဖလားကနေ ပြန်လာတာကြောင့် ပါးမီးရက်စ်နဲ့ ဗိုလ်လုပွဲမှာ ပါဝင်ဖို့ မသေမချာဖြစ်နေတဲ့ ကီပါ

1:02 PM, 11 February

ကီပါဟာ ကလပ်ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ ပြောင်မြောက်တဲ့ လက်စွမ်းမျိုး ပြသခဲ့ပေမဲ့ ဆီနီဂေါနဲ့ အာဖရိကဖလား ဆွတ်ခူးပြီးပြန်လာတဲ့ မန်ဒီ ချဲလ်ဆီးကို ပြန်လာပြီဖြစ်တာကြောင့် ဗိုလ်လုပွဲမှာ ပါဝင်ဖို့ မသေမချာ ဖြစ်နေခဲ့ပါတယ်။

ဒါပေမဲ့ ဂိုးနည်းပြ ပီတာချက်နဲ့ ဟီလာရီယိုတို့လက်အောက် လက်စွမ်းတွေ တိုးတက်လာတာကြောင့် စပိန်သားအနေနဲ့ နံပါတ်၁ဂိုးသမားနေရာကို ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ကီပါတစ်ယောက် မနက်ဖြန်ည အဘူဒါဘီမှာ ကစားမယ့် ဗိုလ်လုပွဲမှာ နံပါတ်၁ဂိုးသမား နေရာဖယ်ပေးလိုက်ရရင်လည်း ပင်နယ်တီအဆုံးအဖြတ် ခံယူတဲ့အချိန် ရောက်တဲ့အခါ ဝင်ဖမ်းရဖို့ များနေပါတယ်။

နည်းပြတူချယ်ဟာ ဗီလာရီးရဲလ်နဲ့ ဥရောပစူပါဖလားလုပွဲမှာ ပင်နယ်တီအဆုံးအဖြတ်ရောက်ချိန် မန်ဒီကို ထုတ်ပြီး ကီပါကို ထည့်ကစားခဲ့ကာ အဆိုပါ ပွဲစဉ်မှာ စပိန်သားရဲ့ ကာကွယ်မှု ၂ကြိမ်ကြောင့် ချဲလ်ဆီးတို့ ၆-၅နဲ့ နိုင်ခဲ့ပါတယ်။ ကိုဗစ်တွေ့ခဲ့တာကြောင့် အိမ်မှာကျန်နေခဲ့တဲ့ တူချယ်ဟာ ကိုဗစ်ပြန်လည်စစ်ဆေးမှုမှာ Negative ၂ကြိမ် ပြခဲ့ရင်တော့ သီးသန့်လေယာဉ်နဲ့ လိုက်လာနိုင်မှာ ဖြစ်ပြီး ပါးမီးရက်စ်နဲ့ပွဲမှာ ပင်နယ်တီထိ ရောက်ခဲ့ရင် ကီပါကို ထုတ်သုံးသွားဖို့ ရှိနေပါတယ်။

ကီပါဟာ ဝါရင့်ဂိုးသမားကြီး ၂ဦးရဲ့ သင်ကြားပြသပေးမှုနဲ့အတူ လက်စွမ်းအထူးတိုးတက်လာခဲ့ကာ မန်ဒီမရှိချိန် အရေးပါတဲ့ ကာကွယ်မှုတွေ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်က ပေါင် ၇၁သန်းနဲ့ ရောက်လာတဲ့ ကီပါဟာ ၂ရာသီကြာ လက်စွမ်းပြသနိုင်ခြင်း မရှိခဲ့တဲ့နောက် ၂၀၂၀ခုနှစ်မှာ ရောက်လာတဲ့ မန်ဒီကို နေရာဖယ်ပေးခဲ့ရပါတယ်။

မန်ဒီကတော့ ဆီနီဂေါနဲ့အတူ မြို့တော် ဒါကာကို ပြန်ကာ အောင်ပွဲခံခဲ့ပြီးနောက် ယမန်နေ့ကတော့ ဒူဘိုင်းမှာ ရှိနေတဲ့ ချဲလ်ဆီးဟိုတယ်ကို ပြန်ရောက်လာကာ အသင်းဖော်တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

#အာဖရိကဖလား #ဆီနီဂေါ #ကီပါ #မန်ဒီ