ရှေ့သို့
Image

ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို စာအုပ်ကြီးအတိုင်းလို့ ဝေဖန်လိုက်တဲ့ မာတင်ကီယွန်

12:52 PM, 11 February

အာဆင်နယ်ကစားသမားဟောင်းလည်းဖြစ်သလို လက်ရှိ သုံးသပ်သူအဖြစ် လုပ်ဆောင်နေတဲ့ မာတင်ကီယွန်ကတော့ ဝုဗ်နဲ့ ပွဲမှာ အာဆင်နယ်တောင်ပံကစားသမား မာတီနယ်လီကို ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို စာချုပ်ကြီးအတိုင်းဆိုပြီး ဝေဖန်လိုက်ပါတယ်။ မာတီနယ်လီဟာ အံ့အားသင့်ဖွယ် အချိန် ၅ စက္ကန့်သာခြားပြီး နှစ်ဝါထိကာ ထုတ်ပယ်ခြင်းခံလိုက်ရတာ ဖြစ်ပါတယ်။    

ဘရာဇီးသားဟာ အဝါကတ်ပြခံရမယ်ဆိုတာကို မျှော်လင့်ထားပြီးဖြစ်ပေမယ့် ကွင်းလယ်ဒိုင်အိုလီဗာက အဝါနှစ်ကတ်ကို ဆက်တိုက်ပြပြီးနောက် အနီကတ်ကိုပါပြသလိုက်တာကြောင့် မာတီနယ်လီတစ်ယောက် အရမ်းကိုထိတ်လန့်သွားတာ တွေ့ရပါတယ်။ ဒီပွဲကို BT Sport ရဲ့သုံးသပ်သူအဖြစ် တာဝန်ယူထားတဲ့ ကီယွန်ကိုယ်တိုင်လည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို တော်တော်လေး အံ့သြသွားခဲ့ပါတယ်။

ကီယွန်က “ကစားသမားတစ်ယောက်အပေါ် ပြင်းထန်လွန်းတဲ့ ဆုံးဖြတ်ချက်လို့ထင်ပါတယ်၊ ဒီလိုအရမ်းအရေးကြီးတဲ့ ပွဲမျိုးမှာ သူ(မာတီနယ်လီ)က အဓိက ကစားသမားတစ်ယောက်ပါ။ ဒီလိုအခြေအနေမျိုး ဖြစ်သွားပေမယ့် သူတို့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ ကွင်းလယ်ဒိုင်က အရမ်းကို စာအုပ်ကြီးသမား ဆန်တယ်လို့ ထင်မိတယ်”လို့ ပြောခဲ့ပါတယ်။

တွဲဖက်တင်ဆက်သူ ဂျူလီယွန်လက်စ်ကော့ကလည်း မာတီနယ်လီက ဘာလို့ဒီဆုံးဖြတ်ချက်ကို စောဒကမတက်နိုင်ခဲ့ကြောင်းကို “သူအဝါကတ်ထိတော့မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ သူ့ပုံစံကလည်း သူပြစ်ဒဏ်ကျူးလွန်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံနေသလိုပါပဲ”ဆိုပြီးပြောခဲ့ပါတယ်။ ဒါပေမယ့် ကီယွန်ကတော့ အာဆင်နယ်တိုက်စစ်မှူးဘက်ကနေ ကာကွယ်ပြောခဲ့ပါတယ်။

ကီယွန်က “ပွဲရှိန်တက်နေတဲ့အချိန်မှာ သူလည်းသိတော့မှာ မဟုတ်ပါဘူး။ ပြီးတော့ သူ့ရဲ့ကစားပုံကို ကွင်းလယ်ဒိုင်က ဒီလောက်ထိ ပြင်းထန်တဲ့ အရေးယူမှုမျိုး ပြုလုပ်လိမ့်မယ်လို့ သူလည်းထင်ထားမှာ မဟုတ်ပါဘူး။ ဒါကစည်းမျဉ်းအရကို ခက်ခဲတဲ့အနေအထားတစ်ခုပါပဲ။ ကျွန်တော်ကတော့ ဒီနိုင်ငံမှာ ကွင်းလယ်ဒိုတွေရဲ့ စိတ်အတက်အကျပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေ လုပ်နေတာလားလို့ပဲ သိချင်မိတယ်။ အဝါနှစ်ကတ်က သပ်သပ်စီဆိုပေမယ့် ကွင်းလယ်ဒိုင်အနေနဲ့ ပွဲကိုရပ်ပြီး အဝါကတ်အရင်ဆုံး ပြသင့်ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က တော်တော်လေး စိတ်ပျက်စရာပါပဲ၊ အားကစားပွဲမပီသသလိုတောင် ခံစားရပါတယ်။ ဒါမျိုးတွေကျွန်တော်တို့ ဆက်မြင်နေရဦးမှာပါပဲ။ အာဆင်နယ်အတွက်တော့ တစ်ယောက်လျော့သွားပေမယ့် အရှုံးမရှိပဲ ပွဲပြီးအောင် ကစားနိုင်ခဲ့တယ်။ ကောင်းမွန်တဲ့ အနိုင် ၃ မှတ်လို့ထင်မိတယ်”ဆိုပြီး ပြောသွားခဲ့ပါတယ်။

မာတင်ကီယွန်အပြင် ရီယိုဖာဒီနန်ကလည်း အိုလီဗာဟာ ဒီပွဲကနေ အာရုံစိုက်ခံချင်နေပုံပဲလို့ ဝေဖန်ခဲ့သလို ရော်ဘီဆားဗေ့ဂျ်ကလည်း ဖာဒီနန်ကိုထောက်ခံခဲ့ပြီး စည်းမျဉ်းအရဆိုရင်တောင်မှ ပွဲကိုရပ်ပြီး ပြစ်ဒဏ်ဘောတွေ၊ အဝါကတ်တွေကို အရင်ဆုံး လုပ်ခဲ့သင့်တယ်ဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။

#အာဆင်နယ် #မာတင်ကီယွန် #အိုလီဗာ