ရှေ့သို့
Image

ကြောင်ကိုကန်သလို ပြန်အကန်ခံခဲ့ရတဲ့ ဇူးမားကို ဝက်ဖို့ဒ် ပရိသတ်များ လှောင်ပြောင်

12:44 PM, 9 February

ဝက်စ်ဟမ်း ခံစစ်မှူးကာ့ထ်ဇူးမားရဲ့ ကိုယ်အိမ်မှာမွေးထားတဲ့ ကြောင်ကို ခြေထောက်နဲ့ကန် လက်နဲ့ရိုက်နေတဲ့ ဗီဒီယိုက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာ ၂၄ သာ ရှိသေးပေမယ့်လည်း မနေ့ညက ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ဇူးမားတစ်ယောက် ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ ဗီဒီယိုကြောင့် ပြင်သစ်သားကို ရဲဌာနက စစ်ဆေးခဲ့သလို ဝက်စ်ဟမ်းကလည်း “ကစားသမားရဲ့ လုပ်ရပ်အပေါ်ကို လုံးဝရှုတ်ချပါတယ်”လို့ ထုတ်ပြန်ခဲ့ပြီးမှ ပွဲထွက်စာရင်းထဲမှာ ဇူးမားပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်ကွင်းကြီးထဲမှာ သွေးပူလေ့ကျင့်ခန်းလုပ်နေချိန်အတွင်း နှစ်ဖက်ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်း ခံခဲ့ရသလို ပွဲကစားချိန်အတွင်းမှာလည်း ဝက်ဖို့ဒ်ပရိသတ်တွေရဲ့ ပစ်မှတ်ထားလှောင်ပြောင်းတာကို ခံခဲ့ရပါတယ်။ အဝေးကွင်းပရိသတ်တွေက “RSPCA, RSCPA (တိရိစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုကာကွယ်ရေးအဖွဲ့)”လို့ အော်ခဲ့ကြသလို ဂျိုရှူအာကင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း အကန်ခံလိုက်ရချိန်မှာလည်း ဇူးမားကို “အဲ့ဒါမင်းကြောင်လေးရဲ့ ခံစားချက်ပဲ”ဆိုပြီး အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။

ဝက်စ်ဟမ်းကစားသမားဟောင်းတွေဖြစ်ကြတဲ့ ဂျိုးကိုးလ်နဲ့ဂျိမ်းစ်ကောလင်းတို့ကလည်း ၂၇ နှစ်အရွယ် ကစားသမားကို မချန်လှပ်ခဲ့တာ အသင်းရဲ့အမှားပဲလို့ ဝေဖန်ခဲ့ကြပါတယ်။ ကိုးလ်က “ဒါကအသင်းရဲ့ အမှားလို့ပဲထင်ပါတယ်။ ဒီတစ်ပွဲတော့ သူ့ကိုပေးမကစားသင့်ဘူး”လို့ ပြောခဲ့သလို ကောလင်းကလည်း “ဒေါသထွက်မယ်ဆိုလည်း ထွက်ချင်စရာပဲလေ၊ ကျွန်တော့်ကိုယ်တိုင်လည်း သူ့ကိုဒီပွဲမှာ ထည့်မကစားသင့်ဘူးလို့ပဲ ထင်မိတယ်”လို့ ပြောခဲ့ကြပါတယ်။

ဒါပေမယ့် နည်းပြဒေးဗစ်မိုယက်စ်ကတော့ သူ့ကိုယ်သူ “တိရိစ္ဆာန်ချစ်သူအကြီးစားပါ”ဆိုပြီးတော့တောင် သူ့ဆုံးဖြတ်ချက်ကို ကာကွယ်ပြောသွားခဲ့ပါတယ်။ မိုယက်စ်က “အရမ်းစိတ်ပျက်မိပါတယ်၊ အသင်းက နောက်ကွယ်ကနေ ဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းနေပါတယ်။ ကျွန်တော့်အလုပ်ကတော့ အကောင်းလူစာရင်းကို ပွဲထုတ်နိုင်ဖို့ပါပဲ၊ ကာ့ထ်ကလည်း အဲ့ဒီထဲမှာပါပါတယ်။ ကျွန်တော်မြင်တွေ့ခဲ့ရတာတွေအတွက် တကယ်ပဲ စိတ်ပျက်မိပါတယ်၊ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော့်အလုပ်က ဝက်စ်ဟမ်းအတွက် နိုင်ပွဲရှာဖွေပေးဖို့ပါ။ တစ်ချို့လူတွေ စိတ်ပျက်နေတာကိုလည်း နားလည်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တိရိစ္ဆာန်အရမ်းချစ်ပါတယ်၊ ဒါက လူအများစုအတွက် သက်ရောက်မှုရှိမယ့် ကိစ္စလို့ထင်မိပါတယ်။ ကျွန်တော့်ဆီမှာ ခွေးတွေ၊ မြင်းတွေလည်း မွေးထားတယ်။ အသင်းက သေချာဖြေရှင်းနိုင်မှာပါ။ သူနဲ့လည်း စကားပြောပြီးပါပြီ၊ တတ်နိုင်သမျှ ရှေ့ဆက်သွားဖိုလိုပါတယ်။ လူတိုင်းဒီကိစ္စကို မနှစ်သက်တာနားလည်ပါတယ်။စိတ်မကောင်းစရာ အခြေအနေပါပဲ”ဆိုပြီးပြောသွားခဲ့ပါတယ်။

#ဇူးမား #ဝက်စ်ဟမ်း