ရှေ့သို့
Image

ဘန်လေကို သရေကျခဲ့တဲ့ပွဲအပြီးမှာ ယူနိုက်တက်ရဲ့ စွမ်းဆောာင်ရည်ကို ရန်နစ် ဝေဖန်

8:24 AM, 9 February

ဘန်လေအသင်းကို အဝေးကွင်းမှာ ၁-၁ ဂိုးသရေကျခဲ့ပြီးနောက် ယူနိုက်တက်နည်းပြ ရန်နစ်က အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းဟာ အကောင်းဆုံးအနေအထားမှာ ရှိမနေဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက်တို့ အကောင်းဆုံး စွမ်းဆောင်ပြခဲ့ပေမယ့် ကန်ချက် ၂ ကြိမ်က ဂိုးမဝင်ခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာက တစ်နှစ်ကျော်အကြာ ပထမဆုံးလိဂ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပေါ့ဂ်ဘာရဲ့သွင်းဂိုးက ယူနိုက်အတွက် အနိုင်မသေချာစေခဲ့ပဲ ဘန်လေစတား ဂျေးရိုဒရီဂွက်ဇ်က ချေပဂိုးပြန်လည် သွင်းယူပေးနိုင်ခဲ့တာကြောင့် သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ လိုက်ပ်ဇစ် နည်းပြဟောင်းကတော့ ပထမပိုင်းမှာ ဂိုးမရခဲ့တာတွေအတွက် မဝေဖန်ချင်ဘူးလို့ ပြောကြားခဲ့ပြီး သရေတစ်မှတ်ရတာက အဆင်မပြေဘူူးလို့ ဆိုခဲ့ပါတယ်။

“ပထမပိုင်းမှာ ကျွန်တော်တို့ ၃ ဂိုးလောက်သွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းခြေစွမ်းကိုတော့ ကျွန်တော်မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် မှန်ပါတယ်။ အဆုံးသတ်မှာ နောက်ဆုံး ၂၅ မိနစ်အတွင်း  set-pieces တွေ ၊ ဖရီးကစ်တွေ ၊  ကော်နာတွေရခဲ့ပါတယ်။ ပြီးတော့ ဗာရာနီ၊ ရော်နယ်ဒိုနဲ့ မက်ဂွါရီတို့လည်း အခွင့်အရေးတွေရခဲ့ပါတယ်။ အခုလည်းနောက်ထပ်တစ်ကြိမ် သရေတစ်မှတ်နဲ့ အဆုံးသတ်ခဲ့ရပြန်ပါပြီ။ လုံလောက်တဲ့စွမ်းဆောင်ရည်တော့ မဟုတ်ခဲ့ပါဘူူး”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

အက်ဖ်အေမှာ မစ်ဒယ်ဘရော့ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပြီးနောက် ယူနိုက်တက်အတွက် နောက်ထပ် စိတ်ပျက်စရာ ညတစ်ညဖြစ်ခဲ့ပြီး ရန်နစ်ကိုင်တွယ်တဲ့ ၁၂ ပွဲမှာ ပြဿနာရှိနေတာဖြစ်ပါတယ်။ ဂျာမန်သားက ဗာရာနီရဲ့ ခေါင်းတိုက်ချက်ကို ခွင့်မပြုခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။ ဗာရာနီနဲ့ ဂိုးမှာ မက်ဂွါရီက လူကျွံနေခဲ့တာဖြစ်ပါတယ်။

အဲ့နောက် ဘရောင်းဟေးလ်ရဲ့ဂိုးနဲ့ပတ်သက်ပြီးလည်း ပေါ့ဂ်ဘာက အဲရစ်ပီတာကိုပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ခွင့်မပြုခဲ့ပြန်တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းက ဝက်ဖို့ဒ်ကို အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၄ နေရာကို တက်ရောက်နိုင်ခဲ့ပြီး အာဆင်နယ်ကသာ ထပ်မံအနိုင်ရရှိခဲ့မယ်ဆိုရင် ဂိုးကွာခြားချက်နဲ့ ယူနိုက်တက်ကို ထပ်မံကျော်ဖြတ်ဖွယ်ရှိနေပါတယ်။ သရေတစ်မှတ်ရခဲ့တာနဲ့ ပတ်သက်ပြီး ဘန်လေနည်းပြ ရှောင်ဒိုက်က အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ချီးကျူးခဲ့ပါတယ်။

“တကယ့်ကို မလွယ်ကူတဲ့အခြေအနေပါ။ အမှတ်ပေးဇယားရဲဲ့ အောက်ဆုံးမှာ ကျွန်တော်တို့ ရောက်နေတာပါ။ ယူနိုက်တက်နဲ့ ရင်ဆိုင်ရတာက ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဖိုးတန်သရေတစ်မှတ် ရယူနိုင်ခဲ့ပါတယ်”လို့ ရှောင်ဒိုက်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘန်လေ #ရန်နစ်