ရှေ့သို့
Image

ကိုဗစ်ပိုးတွေ့ခဲ့တာကြောင့် ယနေ့ည ဘန်လေနဲ့ ပွဲကို လွဲချော်မယ့် ဖရက်နဲ့ တဲလက်စ်

2:28 PM, 8 February

ယူနိုက်တက်အသင်းဟာ ယနေ့ည ဘန်လေနဲ့ အဝေးကွင်းပွဲစဉ်မှာ ဘရာဇီးသား၂ဦးဖြစ်တဲ့ အဲလက်စ် တဲလက်စ်နဲ့ ဖရက်တို့ မပါပဲ ကစားရဖို့ ရှိနေပါတယ်။ ဘရာဇီးသား၂ဦးဟာ ကိုဗစ်ပိုးတွေ့ခဲ့ပြီးနောက် ယနေ့ည ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပေမဲ့ ရန်းနစ်တစ်ယောက် ရွေးချယ်စရာအဖြစ် လင်ဂတ်နဲ့ ကာဗာနီတို့ကို အသင်းမှာ ပြန်လည် ထည့်သွင်းလာနိုင်ပါတယ်။

တဲလက်စ်ဟာ မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလားပြိုင်ပွဲ မတိုင်ခင် ကိုဗစ်ပိုးတွေ့ခဲ့တာဖြစ်ပြီး ဖရက်ကိုလည်း ယမန်နေ့ လေ့ကျင့်ခန်း အစီအစဉ်ကနေ အိမ်ပြန်လွှတ်ခဲ့ရပါတယ်။ ဘယ်နောက်ခံလူ တဲလက်စ်ဟာ စနေည ဆောက်သမ်တန်နဲ့ ပွဲစဉ် မတိုင်ခင် ပြန်ကောင်းလာဖို့ ရှိနေပေမဲ့ ဖရက်ကတော့ အနည်းဆုံး ၅ရက် နားရမှာ ဖြစ်တာကြောင့် အဆိုပါပွဲစဉ်မှာ ပါဝင်ဖို့ မသေမချာ ဖြစ်နေပါတယ်။

ယူနိုက်တက်ရဲ့ ထုတ်ပြန်ချက်မှာ “ဘရာဇီးသား၂ဦးမှာ ကိုဗစ်ပိုး တွေ့ခဲ့တာကြောင့် အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း သီးခြားစီ ခွဲနေရတော့မှာပါ”လို့ ဖော်ပြထားခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက် မတိုင်ခင် ယူနိုက်တက်လူစာရင်းမှာ မပါဝင်နိုင်တာဆိုလို့ ဂရင်းဝုဒ် ၁ဦးသာ ရှိပေမဲ့ ယခုအချိန်မှာတော့ တဲလက်စ်နဲ့ ဖရက်တို့ကိုပါ ရက်အနည်းငယ် လက်လွှတ်ရဖို့ ရှိနေတာပါ။

ရန်းနစ်က “ဟုတ်ပါတယ်။ ကျွန်တော်တို့မှာ ကစားသမား၂ဦး လွဲချော်ဖို့ ရှိနေပါတယ်။ တဲလက်စ်က ပြီးခဲ့တဲ့အပတ် ကိုဗစ်ပိုး တွေ့ခဲ့တာကြောင့် ဖလားပွဲကို လွဲချော်ခဲ့ပါတယ်”“ကံမကောင်းစွာပဲ ဖရက်လည်း လေ့ကျင့်ခန်း လာရင်း ကိုဗစ်ပိုး တွေ့ခဲ့ပါတယ်။ ဒါကြောင့် သူ ဒီနေ့ပွဲကို လွဲချော်မှာ ဖြစ်ပြီး ဆောက်သမ်တန်နဲ့ပွဲကိုပါ လွဲချော်ဖွယ် ရှိနေပါတယ်”လို့ ပြောခဲ့ပါတယ်။

ကာဗာနီနဲ့ လင်ဂတ်တို့ဟာ ဘန်လေနဲ့ပွဲအမီ ပြန်လာပြီ ဖြစ်ပြီး ဗာရာနီကတော့ သောကြာညပွဲမှာ စောစော လူစားလဲခံခဲ့ရပေမဲ့ ကြံ့ခိုင်မှု ပြန်လည် ပြည့်၀နေပြီ ဖြစ်ပါတယ်။  ပေါ့ဂ်ဘာကတော့ မစ်ဒယ်ဘရော့နဲ့ပွဲမှာ ပွဲချိန် ၈၂မိနစ်ကြာ ကစားခဲ့ပြီး ယနေ့ညမှာလည်း ဖရက် မပါနိုင်တဲ့ အနေအထားမှာ ဆက်လက် အားကိုးရနိုင်တယ်လို့ ရန်းနစ်က ဆိုပါတယ်။

#မန်ချက်စတာယူနိုက်တက် #တဲလက်စ် #ဘန်လေ #ဖရက်ဒ်