ရှေ့သို့
Image

ပါရဲယားအတွက် ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိခဲ့တဲ့ ဖလာမင်ဂို

10:58 AM, 8 February

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖလာမင်ဂို အသင်းမှာ အငှားထွက်ကစားနေတဲ့ ကွင်းလယ်လူ အန်ဒရေးပါရဲယားကို ပေါင် ၁၂ သန်းအပြင် အပိုဆုကြေးတွေနဲ့ အပြီးရောင်းချဖို့ သဘောတူလိုက်တယ်လို့ ဘရာဇီးသတင်းတွေက ဖော်ပြခဲ့ပါတယ်။ ၂၆ နှစ်အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရီယိုဒီဂျနေးရိုးကို အငှားထွက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့သော်လည်း ပါးလ်မီးရက်စ်နဲ့ ကိုပါလစ်ဘာတာဒိုဖလား ဖိုင်နယ်မှာတော့ ကြီးမားတဲ့ အမှားတစ်ခု ကျူးလွန်မိခဲ့ပါတယ်။

ဖလာမင်ဂိုအသင်းကတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက ပါရဲယားကို အငှားကနေ အပြီးသတ်ခေါ်ယူဖို့ ဆွေးနွေးနေခဲ့တာဖြစ်ပြီး အခုတော့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ကြောင်း TNT Sports က ဖော်ပြသွားခဲ့ပါတယ်။ ဘရာဇီးကလပ်ဟာ ပေါင် ၁၂ သန်းခန့် ပေးချေရမှာဖြစ်သော်လည်း မူရင်းဈေးက ဒီထက်နည်းပြီး ယူနိုက်တက်က ရရှိမယ့် အပိုဆုကြေးတွေကြောင့်သာ ဒီလောက်ထိ များလာတာလို့ ဘရာဇီးသတင်းတွေက ဆိုပါတယ်။

ဒါပေမယ့် ပါရဲယားရဲ့ အငှားစာချုပ်မှာကတည်းက ပေါင် ၁၇ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့် ထည့်သွင်းထားပေမယ့် ထပ်ဆင့်ရောင်းချမှုရဲ့ ၂၅ ရာခိုင်နှုန်းကို လက်ခံပြီး မူလပြောင်းရွှေ့ကြေးကို လျှော့ချပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပေါင် ၅ သန်းကွာသွားခဲ့တာကြောင့် ပါရဲယားရဲ့ နောက်တစ်ကြိမ် အပြောင်းအရွှေ့ဟာ ပေါင်သန်း ၂၀ ခန့် တန်ကြေးရှိဖို့ လိုပါတယ်။

ဂရန်နာဒါ၊ ဗလင်စီယာနဲ့ လာဇီယိုတို့မှာ အငှားထွက်ကစားခဲ့ရတဲ့ ကွင်းလယ်ကစားသမားဟာ ဘရာဇီးကလပ်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုမှာလည်း ဖြစ်ပါတယ်။ ပါရဲယားကလည်း လာမယ့်ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရဖို့အတွက် ဖလာမင်ဂိုးမှာပဲ ဆက်နေလိုတဲ့ ဆန္ဒရှိပါတယ်။ ဘရာဇီးကလပ်ရဲ့ တာဝန်ရှိသူတွေဟာ အင်္ဂလန်ကို သောကြာနေ့ကတည်းက ရောက်လာတာဖြစ်ပြီး ယူနိုက်တက်နဲ့ နောက်ဆုံးအဆင့် အသေးစိတ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပါရဲယားဟာ ယူနိုက်တက်ကို ၂၀၁၁ ခုနှစ်မှာ PSV အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနိုက်တက်အကယ်ဒမီရဲ့ အကောင်းဆုံး ကစားသမားအဖြစ်နဲ့ ၂၀၁၄ မှာ ပွဲဦးထွက်ခွင့်ရှရိခဲ့ပါတယ်။ ယူနိုက်တက်စီနီယာအသင်းမှာ ၈ ရာသီကြာ ဖြတ်သန်းခဲ့ပေမယ့်လည်း ၇၅ ပွဲသာ ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၉-၂၀ နည်းပြအိုလီဂန်နာဆိုးလ်ရှား လက်အောက်မှာတော့ ပြိုင်ပွဲစုံ ပွဲ ၄၀ ထိ ကစားခွင့်ရခဲ့ပါတယ်။

အဲ့ဒီရာသီအကုန်မှာတော့ လာဇီယိုကို အငှားထွက်ကစားခဲ့ပြီး ပြန်ရောက်လာချိန်မှာတော့ ယူနိုက်တက်အတွက် ပွဲထွက်ကစားခွင့် မရတော့ပဲ အခုတော့ အိုးလ်ထရက်ဖို့ဒ်မှာ အနာဂတ်မရှိတော့တဲ့ ကစားသမားတစ်ယောက်အဖြစ် ယူနိုက်တက်တာဝန်ရှိသူတွေရဲ့ ရောင်းထုတ်ခြင်းခံခဲ့ရပါပြီ။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ပါရဲယား #ဖလာမင်ဂို