ရှေ့သို့
Image

ကြောင်ကို ရိုက်နှက်ကန်ကျောက်နေတဲ့ ဗီဒီယိုတင်မိလို့ တောင်းပန်ခဲ့ရတဲ့ ဇူးမား

8:15 AM, 8 February

ဝက်စ်ဟမ်းနောက်ခံလူ ကာ့ထ်ဇူးမားတစ်ယောက် ကိုယ်မွေးထားတဲ့ကြောင်ကို ရိုက်နှက်ကန်ကျောက်နေတဲ့ စိတ်ပျက်ဖွယ် ဗီဒီယိုတစ်ခုကို အွန်လိုင်းမှာတင်မိခဲ့ပါတယ်။ အဆိုပါဗီဒီယိုဟာ တိရိစ္ဆာန်ချစ်သူတွေတင်မကပဲ၊ ကြည့်မိသူတိုင်းကို ထိတ်လန့်သွားစေတဲ့ထိပါပဲ။ 

ဇူးမားဟာ ဗီဒီယိုထဲမှာ သူ့ရဲ့အလွန်ဈေးကြီးတဲ့ ကြောင်းမျိုးနွယ်ဖြစ်တဲ့ Bengal (ဘန်ဂယ်) လို့ခေါ်တဲ့ ကြောင်လေးကို တစ်အိမ်လုံးပတ်ပြီး အနောက်ကနေ လိုက်ဖမ်းခဲ့ပြီး ဖမ်းမိချိန်မှာတော့ မီးဖိုခန်းထဲကို ခြေထောက်နဲ့ ကန်လွှတ်လိုက်ပါတယ်။ အကန်ခံလိုက်ရတဲ့ ကြောင်လေးကို အခြားတစ်ယောက်က ကိုင်ပြီးစားပွဲပေါ်တင်ပြီးနောက်မှာလည်း ဇူးမားကပဲ ကြောင်ရဲ့ မျက်နှာကို အားထည့်ပြီးလက်နဲ့ ဖြတ်ရိုက်ခဲ့ပါတယ်။ 

အဆိုပါဗီဒီယိုကို ရိုက်ကူးနေသူကတော့ ဇူးမားရဲ့အကိုဖြစ်ဖို့များပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ကြောင်လေးဟာ အိမ်ထဲမှာ လျှောက်ဖျက်စီးပစ်လို့ ပရီးမီးယားလိဂ်ကြယ်ပွင့်က ဒေါသထွက်ခဲ့တာလို့လည်း သိရပါတယ်။ ဗီဒီယိုက ကြည့်ရှုမိသူတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေရုံသာမကပဲ အိမ်မွေးတိရိစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့အစည်းတွေကနေ ဇူးမားကို ရဲတိုင်ပြီး တရားစွဲဖို့ပါ စီစဉ်နေကြပါတယ်။ 

ဗီဒီယိုက ဆိုရှယ်မီဒီယာမှာ တော်တော်လေး ပျံ့နှံ့သွားခဲ့တာကြောင့် ဇူးမားရဲ့အသင်းဖြစ်တဲ့ ဝက်စ်ဟမ်းကပါ ဒီကိစ္စကို သိရှိသွားခဲ့ပါတယ်။ အခုတော့ ဝက်စ်ဟမ်းတာဝန်ရှိသူတွေကိုယ်တိုင် ထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့ပြီး ခံစစ်မှူးရဲ့ အပြုအမူကိုလည်း ပြစ်တင်ဝေဖန်သွားပါတယ်။ တရားဝင်ထုတ်ပြန်ချက်မှာတော့ “ ဝက်စ်ဟမ်းယူနိုက်တက်ကလည်း လက်ရှိပျံ့နှံ့နေတဲ့ ဗီဒီယိုထဲက အသင်းကစားသမား ကတ်ထ်ဇူးမားရဲ့ လုပ်ရပ်ကို အပြည့်အ၀ ရှုံ့ချပါတယ်။ 

ဒီကိစ္စအတွက် ကာ့ထ်နဲ့လည်း ထိပ်တိုက်စကားပြောခဲ့ပြီးဖြစ်ပေမယ့် ဝက်စ်ဟမ်းအသင်းကလည်း တိရိစ္ဆာန်တွေအပေါ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေကို ဘယ်နည်းနဲ့မှ လက်ခံမှာမဟုတ်ပါဘူး ” ဆိုပြီး ဖော်ပြထားပါတယ်။ နာမည်ဆိုးနဲံ့ကျော်ကြားသွားတဲ့ အဆိုပါဗီဒီယိုကြောင့် ဇူးမားအနေနဲ့လည်း တရားဝင်တောင်းပန်ခဲ့ရပါတယ်။ 

ဇူးမားက “ ကျွန်တော့်ရဲ့ အပြုအမူအတွက် တောင်းပန်ချင်ပါတယ်။ ဒီအတွက် ခွင့်လွှတ်မှုလည်း မတောင်းဆိုချင်တော့ပါဘူး။ တကယ်ပဲ နောင်တရမိပါတယ်။ ဒီဗီဒီယိုကြောင့် စိတ်ပျက်ဝမ်းနည်းခဲ့ရတဲ့သူ တစ်ဦးချင်းစီကို လှိုက်လှိုက်လှဲလှဲ တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ကြောင်နှစ်ကောင်စလုံး အခြေအနေကောင်းပြီး ကျန်းမာနေတယ်ဆိုတာ အာမခံပါတယ်။ ကြောင်လေးတွေက ကျွန်တော်တို့တစ်မိသားစုလုံးရဲ့ အချစ်ခံလေးတွေပါ။ ဒီအပြုအမူက ရုတ်တရက်ဖြစ်သွားခဲ့တာမို့လို့ နောက်ဘယ်တော့မှ မဖြစ်စေရပါဘူး ” ဆိုပြီး တင်သွားခဲ့ပါတယ်။ 

၂၇ နှစ်အရွယ် နောက်ခံလူကို ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြသလို RSRCA (တိရိစ္ဆာန်ငြင်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေး တော်ဝင်အဖွဲ့အစည်း) မှ ဒေါက်တာ မက်ဂီရောဘတ်ကလည်း ဘယ်လိုပုံစံနဲ့ တိရိစ္ဆာန်ငြင်းပန်းနှိပ်စက်မှုမျိုးကိုမှ လက်မခံပဲတွေ့ရှိပါက RSRPCA ကိုတိုင်ကြားဖို့နဲ့ ဇူးမားရဲ့ဗီဒီယိုဟာ ရယ်စရာတစ်ခု မဟုတ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ဇူးမားအနေနဲ့ ပရီးမီးယားလိဂ်က သို့မဟုတ် ဝက်စ်ဟမ်းအသင်းကနေ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။ 

#ဇူးမား #ဝက်စ်ဟမ်း