ရှေ့သို့
Image

အာဖရိကဖလားဗိုလ်လုပွဲက အရှုံးကို ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပြန်လက်စားချေဖို့ အသင်းဖော်တွေကို ဆာလက်တိုက်တွန်း

7:51 AM, 8 February

မိုဟာမက် ဆာလက်ဟာ ဆီနီဂေါကို အာဖရိကဖလား ဗိုလ်လုပွဲမှာ ရှုံးခဲ့ပြီးနောက် ဆီနီဂေါကို လာမယ့် မတ်လမှာ ပြန်လက်စားချေဖို့ အီဂျစ်အသင်းအား တောင်းဆိုသွားခဲ့ပါတယ်။

အီဂျစ်နဲ့ ဆီနီဂေါတို့ မိနစ် ၁၂၀အတွင်း ဂိုးမရှိ သရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာ ဆာလက် မကန်လိုက်ရပေမဲ့ ဆီနီဂေါကတော့ မာနေးရဲ့ ၅လုံးမြောက် ပင်နယ်တီ ဝင်သွားမှုနဲ့အတူ ဗိုလ်စွဲသွားခဲ့ပါတယ်။

ပွဲအပြီး အဝတ်လဲခန်းထဲမှာတော့ အီဂျစ်အသင်းခေါင်းဆောင် ဆာလက်က မောပန်းနေတဲ့ အသင်းဖော်တွေကို မိန့်ခွန်းသဘောမျိုး စကားပြောခဲ့ပါတယ်။

ဆာလက်က “ကျွန်တော်တို့ ၁၂ရက်အတွင်း မိနစ်၁၂၀ပြည့် ၄ပွဲကစားခဲ့ရတယ်။ ဒါပေမဲ့ အဲ့ဒါက အခုအတိတ်မှာ ကျန်ခဲ့ပြီဖြစ်ပြီး လာမယ့်လ ကစားရမယ့်ပွဲမှာတော့ သူတို့ကို လက်စားပြန်ချေရမယ်”လို့ ပြောခဲ့ပါတယ်။

အီဂျစ်အသင်းဟာ လာမယ့်လကုန်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဆီနီဂေါနဲ့ ၂ကျော့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

၂သင်းစလုံးဟာ ခြေစစ်ပွဲအတွင်း အုပ်စုပထမ ရခဲ့ကြပြီး ယခုအချိန်မှာတော့ ကာတာ ဘယ်အသင်းသွားရမယ်ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

ပထမအကျော့ပွဲစဉ်ကို မတ်လ ၂၃မှာ ကစားမှာ ဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မတ်လ ၂၉ရက်နေ့ ကစားရမယ်လို့ ဆိုပါတယ်။

ဆီနီဂါကတော့ အာဖရိကဖလား ချန်ပီယံဆိုတဲ့ ယုံကြည်မှုနဲ့ ယှဉ်ပြိုင်ကစားလာမှာ ဖြစ်ပြီး အီဂျစ်ကလည်း လက်စားပြန်ချေရမယ်ဆိုတဲ့ စိတ်အားတက်ကြွမှုတွေ ရှိနေပါတယ်။

အီဂျစ်ဂိုးသမား ဂါဘာစကီးက “အီဂျစ်က အရှုံးကိုချည်း လက်ခံလိုက်တာ မဟုတ်ဘူးဆိုတာ အားလုံး သိပါတယ်။ ကျွန်တော်တို့ ကျရှုံးတဲ့အခါ ဒီနေ့လို ခက်ခဲတဲ့ အခြေအနေတွေမှတောင် ချက်ချင်း ပြန်ထပါတယ်”

“လာမယ့်လ ကျွန်တော်တို့မှာ နောက်ထပ် စိန်ခေါ်မှုတွေ ရှိပြီး ဒီအသင်းတွေပဲ ဆက်ကစားရမှာ ဖြစ်တဲ့အတွက် ရည်မှန်းချက်ကို ရောက်နိုင်ဖို့ ဆက်လက် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ လာမယ့်လတွေအတွင်း ပွဲတွေ အများကြီး ကစားရဦးမှာ ဖြစ်တာကြောင့် နိုင်ပွဲရဖို့ လိုပါတယ်”လို့ ဆိုခဲ့ပါတယ်။

#အီဂျစ် #ဆီနီဂေါ #ဆာလက်