ရှေ့သို့
Image

ထရာအိုရေးဟာ ပြီးပြည့်စုံတဲ့ တောင်ပံကစားသမားဖြစ်ပြီး ဘာစီလိုနာမှာ အောင်မြင်လိမ့်မယ်လို့ ဇာဗီ ဟောကိန်းထုတ်

12:43 PM, 7 February

ဘာစီလိုနာနည်းပြ ဇာဗီက ယမန်နေ့ည အက်သလက်တီကိုနဲ့ပွဲက တောင်ပံကစားသမား အဒါမာ ထရာအိုရေးရဲ့ ခြေစွမ်းကို ချီးကျူးသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အဆင့်၄နေရာအတွက် အရေးပါတဲ့ ပွဲစဉ်မှာ ၄-၂ဂိုးနဲ့ နိုင်ခဲ့ပြီး အဆင့်၄နေရာကို ရောက်ရှိကာ ၂မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ နူးကမ့်ကို အငှားနဲ့ ရောက်လာခဲ့ပြီးနောက်ပိုင်း ပထမဆုံး ပွဲထွက်ခဲ့တဲ့ ထရာအိုရေးဟာ ၂၁မိနစ်မှာ တောင်ပံကနေ ထိုးဖောက်ပြီး ဂါဗီရဲ့ ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

ပွဲအပြီးမှာ ဇာဗီက “အဒါမာက အများကြီး ရင့်ကျက်လာပါပြီ။ ကြံ့ခိုင်မှုပိုင်းအရလည်း သူက သားရဲတစ်ကောင်လိုပါပဲ။ တစ်ဦးချင်း သူ့ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူက ကျွန်တော့်အတွက်တော့ ပြီးပြည့်စုံတဲ့ တောင်ပံလူပါပဲ။ သူက ကျွန်တော်တို့အတွက် ကစားသမားကောင်း ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အလားတူ ဇန်နဝါရီလအတွင်း အသင်းက ထွက်ခွာဖို့ ငြင်းဆန်ခဲ့တဲ့ ဒမ်ဘီလီရဲ့ အကြောင်းကိုလည်း ဇာဗီက ပြောပြသွားခဲ့ပါတယ်။

ဇာဗီက “ပရိသတ်တွေအနေနဲ့ ဒမ်ဘီလီအကြောင်း ကောလာဟလတွေ ပြောနေတာ ရပ်သင့်ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော် ဒမ်ဘီလီကို ထည့်ကစားချင်ပေမဲ့ အဲဗက်စ် အနီကတ် ထုတ်ခံရတာက အစီအစဉ်တွေကို ပြောင်းလဲခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့အကြောင်း ပြောနေတာတွေ ရပ်တန့်ပေးဖို့ ပရိသတ်တွေကို တောင်းဆိုပါတယ်”လို့ ဆိုခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #ထရာအိုရေး