ရှေ့သို့
Image

နော်တင်ဟမ်ကို ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် အသင်းသားတွေကို ပြင်းထန်စွာ ဝေဖန်လိုက်တဲ့ ရော်ဂျာ

10:15 AM, 7 February

တနင်္ဂနွေနေ့က ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ကို အရှက်ရဖွယ်ဂိုးပြတ်အရေးနိမ့်ကာ အက်ဖ်အေဖလားပြိုင်ပွဲကနေ စောစောစီးစီးထွက်ခဲ့ရပြီးနောက် လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက အသင်းသားတွေကို ပြင်းထန်စွာဝေဖန်သွားပြီး ရှက်စရာကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ကြောင်း ပြောပါတယ်။

ရော်ဂျာက နာမည်တပ်မပြောပေမယ့် အသင်းသားအများအပြားက သူတို့ကိုယ်သူတို့ ထိပ်တန်းကစားသမားလို့ ထင်မှတ်နေပြီး တကယ်တော့ ထိပ်တန်းကစားသမားဖြစ်ဖို့ အဝေးကြီးလိုနေသေးကြောင်း ဝေဖန်ခဲ့သလို အောင်ပွဲဆာလောင်စိတ်လည်း ပျောက်ဆုံးနေခဲ့တယ်လို့ စွပ်စွဲပါတယ်။

ရော်ဂျာက တတိယအဆင့်မှာလည်း အာဆင်နယ်ကို ကျော်ဖြတ်လာခဲ့တဲ့ နော်တင်ဟမ်ရဲ့ စွမ်းဆောင်ရည်ကို မဖြစ်မနေချီးကျူးရမှာဖြစ်ပေမယ့် လက်စတာအသင်းရဲ့ကစားဟန်က ပရီးမီးယားလိဂ်အသင်း တစ်သင်းပုံစံမဟုတ်ခဲ့ဘူးလို့ ပြောပါတယ်။

မက်ဒီဆင်က စိတ်ပျက်စရာကောင်းခဲ့သလို တောင်ပံကစားသမား ဟာဗေးဘန်းစ်က ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပြီး အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ကစားခဲ့တဲ့ တိုင်လေမန်းစ်ကိုလည်း ရော်ဂျာက ဝေဖန်သွားပါတယ်။ ရော်ဂျာက အသင်းသားတချို့အနေနဲ့ ယခုရာသီအကုန်မှာ အသင်းကနေ ထုတ်ရောင်းတဲ့အထဲ မပါသင့်ဘူးဆိုတဲ့အကြောင်း ကွင်းတွင်းမှာ သက်သေပြဖို့ လိုအပ်နေတယ်လို့ သတိပေးပါတယ်။

''ဆိုးရွားလွန်းတဲ့စွမ်းဆောင်ရည်ဖြစ်ပြီး ပရိသတ်တွေကို တောင်းပန်ပါတယ်။ အဓိကပြဿနာကတော့ အောင်ပွဲဆာလောင်စိတ် ကင်းမဲ့တာပါပဲ။ လက်စတာကို စရောက်ပြီးချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ပထမပိုင်းအပြီးမှာ အသင်းသားတွေကို ကျွန်တော်သိပ်ရှက်တာပဲလို့ ပြောခဲ့ပါတယ်။ ဒါက ရှက်စရာကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ပါတယ်''''အသင်းရဲ့မီတင်တွေမှာ အက်ဖ်အေဖလား ထားလေ့ရှိပြီး မနှစ်က အောင်မြင်မှုရခဲ့တာကို အမှတ်ရစေဖို့ပါ''လို့ ရော်ဂျာက ပြောပါတယ်။

#လက်စတာ #ရော်ဂျာ #နော်တင်ဟမ်ဖောရက်စ် #အက်ဖ်အေဖလား