ရှေ့သို့
Image

နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ ဝင်ရောက်သောင်းကျန်းခဲ့တဲ့ လက်စတာ ပရိသတ်တစ်ဦး အဖမ်းခံခဲ့ရ

9:56 AM, 7 February

တနင်္ဂနွေနေ့က နော်တင်ဟမ်ဖောရက်စ်က လက်စတာကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဝင်ရောက်သောင်းကျန်းခဲ့တဲ့ လက်စတာ ပရိသတ်တစ်ဦး အဖမ်းခံခဲ့ရပါတယ်။ လက်စတာနဲ့  နော်တင်ဖောရက်စ်တို့ဟာ ၈ နှစ်အတွင်း ပထမဆုံးအကြိမ်ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ကြရတာဖြစ်ကာ ဖောရက်စ်က အဖွင့် ၃၂ မိနစ်မှာတင် ၃ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဝိုရယ်ရဲ့ တတိယဂိုးသွင်းယူပြီးနောက် လက်စတာပရိသတ်တစ်ဦးက အောင်ပွဲခံနေတဲ့ နော်တင်ဟမ်ဖောရက်စ် ကစားသမားတွေကို ကွင်းထဲဝင်လာပြီး ရန်ပြုခဲ့တာဖြစ်ပါတယ်။ လက်စတာပရိသတ်တစ်ဦးက ဖောရက်စ်ကစားသမားတွေ အဝေးကို မတွန်းထုတ်ခင်မှာ အောင်ပွဲခံမှုကို ရန်လုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့နောက် ကွင်းလုံခြုံရေးတွေက လျင်လျင်မြန်မြန် ဖမ်းဆီးခဲ့ပြီး ရဲလက်အပ်ခဲ့ပါတယ်။ ဘီဘီစီရဲ့ပြောကြားချက်မှာ အဆိုပါပရိသတ်ကို ရဲတွေက ဖမ်းဆီးပြီး အချုပ်ချထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

"ကျွန်တော်တို့ပရိသတ် ဒီလိုလုပ်ခဲ့တာတွေအတွက် နော်တင်ဟမ်ဖောရက်စ်ကို တောင်းပန်ပါတယ်။ ကစားသမားတွေ ဘေးကင်းဖို့က အဓိကပါ။ ဒါ့အပြင် လျင်မြန်စွာ တုံ့ပြန်ခဲ့တဲ့ ကွင်းလုံခြုံရေးတွေကိုလည်း ချီးကျူးပါတယ်။ ပါဝင်ခဲ့တဲ့ပရိသတ်ကို တစ်သက်တာပွဲကြည့်ခွင့်ပိတ်ပင်သွားမှာဖြစ်ပါတယ်။ အခြားပရိသတ်တွေကိုလည်း အာဏာပိုင်တွေက ချမှတ်ထားတဲ့ စည်းမျည်းကို လိုက်နာဖို့ တောင်းဆိုပါတယ်"လို့ လက်စတာ အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

"ဒီလိုဖြစ်ရပ်မျိုး ကွင်းထဲမှာ ဖြစ်တာက တကယ်မကောင်းပါဘူး။ အဲ့တာက ဖြစ်ကိုဖြစ်မလာသင့်တာပါ"လို့ အင်္ဂလန်နောက်ခံလူဟောင်း ဂျိုနသန်ဝုဒ်ဂိတ်က ပြောကြားခဲ့ပါတယ်။ ပွဲစခင်တုန်းက ရဲတွေဟာ ပရိသတ်တွေကို အန္တရာယ်ကင်းကင်းကြည့်ရှုဖို့ သတိပေးခဲ့သေးတာဖြစ်ပါတယ်။

"လက်စတာရဲ့ယခင်က အောင်မြင်မှုကြောင့် ဒီနေ့ပွဲက ၈ နှစ်အတွင်း ပထမဆုံးအကြိမ် ပြိုင်ဘက်ချင်းပြန်တွေ့တာကြောင့် ပရိသတ်တွေက အနိုင်ရချင်တယ်ဆိုတာကို နားလည်ပါတယ်။ ဒီပွဲကို တက်ရောက်တဲ့သူတိုင်းကိုလည်း ခံစားချက်တွေ အရမ်းမပြင်းထန်ဖို့ အေးဆေးအားပေးဖို့ ပွဲမတိုင်ခင် သတိပေးခဲ့ပါတယ်။ အားလုံးဘေးကင်းဖို့က အဓိကပါ။ ဒါဘီပြိုင်ဘက်ဆိုတာ နားလည်ပေမယ့် တစ်ဦးနဲ့တစ်ဦး အဆင်ပြေပြေ ကြည့်ရှုတာက ပိုကောင်းပါတယ်"လို့ နော်တင်ဟမ်ဖောရက်စ်ရဲတပ်ဖွဲရဲ့အမှုဆောင် နေးလ်ဝီလီယံက ပြောကြားခဲ့ပါတယ်။

#လက်စတာ #နော်တင်ဟမ်ဖောရက်စ် #အက်ဖ်အေဖလား