ရှေ့သို့
Image

သားဖြစ်သူရဲ့ သွင်းဂိုးကြောင့် မျက်ရည်ကျတဲ့ထိ ဝမ်းသာနေတဲ့ ဟာဗေးအီလီရော့ရဲ့ ဖခင်

9:54 AM, 7 February

ကာဒစ်ဖ်စီးတီးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်က လီဗာပူးလူငယ်ကစားသမားလေး ဟာဗေးအီလီရော့ရဲ့ သွင်းဂိုးဟာ ပွဲကြည့်စင်ပေါ်မှာရှိနေတဲ့ ဖခင်ကို မျက်ရည်ကျတဲ့ထိ ဝမ်းသာဂုဏ်ယူစေခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ အီလီရော့ဟာစက်တင်ဘာလက လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပါတယ်။

မနေ့ညက ကစားခဲ့တဲ့ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်မှာတော့ နည်းပြဂျာဂန်ကလော့ပ်ရဲ့ လူစာရင်းထဲမှာ ဖူလ်ဟမ်လူငယ်ကြယ်ပွင့်ဟောင်းလေးကို ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ ဂျာမန်သားနည်းပြကြီးကလော့ပ်ကလည်း ကွင်းလယ်ကစားသမားလေးကို ပွဲချိန် ၅၆ မိနစ်မှာ လူစားဝင်ကစားစေခဲ့ပြီး ကွင်းထဲရောက်တာနဲ့ ပြိုင်ဘက်ဂိုးစည်းနားမှာ လိမ်ခေါက်ကာ အမိုက်စားခြေစွမ်းတွေကို ပြသခဲ့ပါတယ်။

ဂျိုတာ၊ မီနာမီနိုတို့က ပထမဂိုးနဲ့ ဒုတိယဂိုးတွေကို သွင်းယူနိုင်ခဲ့သလို ကစားသမားသစ် လူးဝစ်ဒီရက်ဇ်ကလည်း မီနာမီနိုရဲ့ ဂိုးကိုဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်းမှ လူစားဝင်လာတဲ့ အီလီရော့က ဆီမီကတ်စ်ရဲ့ ပေးပို့မှုကို ကာဒစ်ဖ် ဂိုးစည်းထဲမှာ ကျွမ်းကျင်းတဲ့ ဘောလုံးအထိန်းအသိမ်းးနဲ့ ညာဘက်ထောင့်ထဲကို လှလှပပ ကန်သွင်းယူသွားခဲ့ပါတယ်။

သူဖြစ်သူရဲ့ သွင်းဂိုးကို မြင်တွေ့လိုက်ရချိန်မှာတော့ အီလီရော့ရဲ့ ဖခင်စကော့တစ်ယောက် မျက်နှာကိုလက်နဲ့ အုပ်ကာမျက်ရည်ကျတဲ့အထိ ဝမ်းသာဂုဏ်ယူနေပြီး အီလီရော့ကလည်း ဖခင်ကို ကွင်းထဲကနေ လက်ပြနှုတ်ဆက်ခဲ့ပါတယ်။ ပွဲပြီးအင်တာဗျူးမှာလည်း အီလီရော့က သူ့ရဲ့ဂိုးဟာ သူကိုယ်တိုင်တင်မကပဲ၊ သူ့ရဲ့မိသားစုကိုပါ အမှတ်ရနေစေမယ့်ဂိုးဖြစ်ကြောင်းနဲ့ ပြန်လည်ထူထောင်ရေး ကာလတစ်လျှောက်ပင်ပန်းခဲ့သမျှကို မိသားစုရဲ့ အားပေးမှုကြောင့်သာ ကျော်ဖြတ်နိုင်ခဲ့လို့ ကျေးဇူးတင်မိကြောင်း ပြောခဲ့ပါတယ်။

အီလီရော့က “ ဒီလိုအချိန်မှာ စကားတွေနဲ့ ဖော်ပြဖို့ခက်ပါတယ်။ အသင်းမှာ ဂိုးတွေသွင်းမယ်၊ ဂိုးတွေဖန်တီးပေးမယ် ဒါကျွန်တော်အဖြစ်ချင်ဆုံး ဆန္ဒတွေပါ။ အချိန်အကြာကြီးဝေးနေခဲ့တဲ့ ပရိသတ်တွေနဲ့ ပြန်တွေ့ရလို့လည်း ဝမ်းသာတယ်။ ကျွန်တော်လုပ်ချင်တဲ့ အလုပ်တွေကိုလည်း လုပ်နိုင်ခဲ့တာကြောင့် ဒီတိုင်းပဲ ဆက်လုပ်သွားဦးမှာပါ။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက်တော့ အမှတ်ရစရာ အချိန်လေးပါပဲ။ ကျေးဇူးတင်ရမယ့်သူတွေကတော့ အများကြီးပါ၊ အဲ့ဒီထဲက တစ်ယောက်ကိုပြောရရင်တော့ လီဗာပူးအသင်းရဲ့ ကြံ့ခိုင်ရေးတာဝန်ခံ လီဝစ်ပါပဲ၊ သူ့ကြောင့် ဒီလောက်မြန်မြန် ကွင်းထဲပြန်လာနိုင်တာပါ။ မိသားစုဝင်တွေ၊ သူငယ်ချင်တွေ၊ အဖေနဲ့အမေ အားလုံးကိုလည်း ကျေးဇူးတင်တယ်။ ကျွန်တော်ဒဏ်ရာရနေတဲ့ ကာလတစ်လျှောက်လုံး အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း အရမ်းချစ်တယ်။ ကျွန်တော်ပြန်လာပါပြီ၊ နောက်လည်း ဒီတိုင်းပဲ ဆက်အားပေးဖို့ မျှော်လင့်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #အီလီယော့ #အက်ဖ်အေဖလား