ရှေ့သို့
Image

လင်ဂတ်အပေါ်ရန်နစ်ရဲ့ ဆက်ဆံပုံကို ယူနိုက်တက် ကစားသမားတစ်ချို့မကျေနပ်

4:18 PM, 6 February

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြကြီး ရာ့ဖ်ရန်နစ်အတွက်တော့ နောက်ထပ် အဝတ်လဲခန်း ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။ အဲ့ဒီပြဿနာကတော့ သောကြာညပွဲစဉ်မှာ ဂျက်ဆီလင်ဂတ်ကို ချန်လှပ်ခဲ့မှုကနေ စတင်ခဲ့တယ်လို့ သိရပါတယ် 

လင်ဂတ်ဟာ မစ်ဒယ်ဘရော့ကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ FA ဖလားပွဲစဉ်ရဲက လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပဲ ကွင်းလယ်ကစားသမားဟာ ပွဲကစားနိုင်လောက်တဲ့ စိတ်အခြေအနေမျိုး ရှိမနေတာကြောင့် မရွေးခဲ့တာဖြစ်ကြောင်း ရန်နစ်က ပြောခဲ့ပါတယ်။ ရန်နစ်က “ လင်ဂတ်က သူ့စိတ်ကို အဆင်သင့်ဖြစ်အောင် လုပ်ဖို့သူ့ကို ခွင့် ၂ ရက်လောက် ပေးဖို့တောင်းဆိုခဲ့တာကြောင့် ခွင့်ပြုခဲ့ပါတယ်။ လာမယ့်တနင်္လာနေ့ ထရိန်နင်ကျရင်တော့ ပုံမှန်အတိုင်း အသင်းမှာပြန်လည် ပါဝင်လာပါလိမ့်မယ် ” ဆိုပြီးပြောခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် လင်ဂတ်ကတော့ တွစ်တာကနေ “ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်တွေကြောင့် ကျွန်တော့်ကို အချိန်ယူဖို့ အသင်းဘက်က အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ကတော့ ရှင်းတယ်။ အမြဲတမ်း ပရော်ဖက်ရှင်နယ်ပီပီသသပဲ အသင်းက ကစားခိုင်းရင် ၁၀၀ ရာခိုင်နှုန်း ပေးဆပ်ကစားဖို့ အသင့်ပါ ” ဆိုပြီး ပို့စ်တစ်ခု တင်သွားခဲ့ပါတယ်။ ဖလားပွဲအပြီးမှာတော့ လင်ဂတ်နဲ့ ပက်သက်လို့ နားမလည်နိုင်ဖြစ်နေတဲ့ ပရိသတ်တွေကို နည်းပြရန်နစ်က ထပ်မံရှင်းပြခဲ့ပါတယ်။ 

“ ကျွန်တော်တို့မှာ ကွင်းလယ်ကစားသမားတွေ အများကြီးရှိပါတယ်။ အဲ့ဒါကြောင့် လေးငါးရက်လောက် သူ့ကိုခွင့်ပေးခဲ့တာပါ။ လူစာရင်းထဲမှာ သူရှိနေတာကို ကျွန်တော်လည်း သဘောကျပါတယ် ” ဆိုပြီး ဖြေရှင်းခဲ့ပါတယ်။ The Mirror သတင်းစာကတော့ ဒီပြဿနာဟာ လူသိရှင်ကြားမဖြစ်လာပေမယ့် ယူနိုက်တက်ကစားသမားတွေကြားမှာတော့ ဂျာမန်သားနည်းပြကြီးကို ပုန်ကန်လိုသူတွေ ရှိနေတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်လောက်ကလည်း နည်းပြက အန်တိုနီမာရှယ်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲကို ကစားဖို့ ငြင်းဆန်ခဲ့တာကြောင့် လူစာရင်းထဲ မထည့်ခဲ့တာဆိုပြီး ပြောခဲ့ပေမယ့် မာရှယ်ကတော့ ဒီစကားကို ဒေါသတကြီး ကန့်ကွက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ယူနိုက်တက်ကစားသမားတွေရဲ့ အသင်းမှာ မပျော်ရွှင်မှုဟာ တဖြည်းဖြည်းနဲ့ လူသိရှင်ကြားဖြစ်လာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ဒီရာသီမှာ ချန်ပီယံလိဂ်မှာ ဆက်လက်ရှင်သန်နိုင်ဖို့လည်း ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ဖို့ ရုန်းကန်နေရပြီး ယူနိုက်တက်စီနီယာ ကစားသမားတွေစီကနေလည်း မလိုအပ်တဲ့ စကားသံတွေ မကြာခဏထွက်ပေါ်နေပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #လင်ဂတ် #ရန်နစ်