ရှေ့သို့
Image

တော့တင်ဟမ်အသင်းရဲ့ ကစားသမားအပြောင်းအရွှေ့ဗျူဟာကို ကွန်တီ အံ့အားသင့်

1:13 PM, 6 February

ဆောင်းရာသီအပြောင်းအရွေ့မှာ တော့တင်ဟမ်အသင်းဟာ ကစားသမား လေးယောက်အထိ အသင်းက ထွက်ခွာမှု ရှိခဲ့တာကြောင့် နည်းပြကွန်တီဟာ အသင်းရဲ့ အပြောင်းအရွေ့ဗျူဟာတွေနဲ့ ပတ်သက်လို့ အံ့အားသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ 

အသင်းကနေ အန်ဒွန်ဘီလီ ၊ လိုဆယ်ဆို ၊ဘရိုင်ယန်ဂေး တို့ဟာ အငှားထွက်ကစားကြပြီး ဒယ်လီအလီဟာ အဲဗာတန်အသင်းကို အပြီး ပြောင်းရွေ့သွားပါတယ်။ 

"ထူးဆန်းတာပေါ့ဗျာ။ ဇန်နဝါရီမှာ ကစားသမားသုံးယောက်အငှားနဲ့ တစ်ယောက်ရောင်းချတယ်ဆိုတာ။ ဒါဟာ အတိတ်မှာ တခုခုမှားနေတယ်လို့ဆိုလိုတာပါပဲ။ ဘာလုပ်ခဲ့တယ်ဆိုတာပြန်ကြည့်ပြီး အတိတ်က အမှားတွေအတွက် နားလည်အောင် ကြိုးစားရပါမယ်။ "

"ဘာကြောင့်လဲဆိုတော့ အသင်းကို အားဖြည့်ဖို့က ကစားသမားတွေ ဝယ်ကြရတာ။ ဒါပေမယ့် အသင်းမှာ နှစ်နှစ် သုံးနှစ်ဝယ်က ဝယ်ထားတဲ့ကစားသမားကို တခြားအသင်းကို အငှားချတယ်ဆိုတာ တခုခု မှားနေခဲ့လို့ပါ။ "

လို့ ကွန်တီက ဆိုပါတယ်။ ကစားသမားတွေ အခုလို ထွက်ခွာဖို့ကို မျှော်လင့်ခဲ့ထားသလားဆိုတဲ့ မေးခွန်းကို ကွန်တီက 

"အမှန်အတိုင်းပြောရရင် စပါးကို မလာခင်ထဲက အသင်းက ကစားသမားစာရင်းကို ကြည့်ရပါတယ်။ အသင်းက ကစားသမားတွေအားလုံးက အရေးကြီးတဲ့ ကစားသမားတွေပါ။ ဒွန်ဘီလီကို ကျွန်တော်တို့ အများကြီးပေးခဲ့ရတာ၊ လိုဆယ်ဆိုနဲ့ ဂေးလဲထိုနည်းတူပါပဲ။"

"အခု ဒီအခြေအနေမှာတော့ ဘယ်ဟာက အသင်းနဲ့ ကစားသမားတွေအတွက် အကောင်းဆုံးအခြေအနေတခုဖြစ်မလဲဆိုတာ နားလည်ရပါမယ်။ ဇန်နဝါရီ မှာ ကစားသမားထွက်ခွာတာကတော့ ပုံမှန်မဟုတ်ပါဘူး။ "

"ကျွန်တော်တို့ အသင်းနဲ့ ကစားသမားတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေက အရင်က အမှားတွေလုပ်ခဲ့လို့ပါ။ ကျွန်တော်တို့က အသင်းအတွက် ကစားသမားတွေ ဝယ်ပြီး နောက်နှစ်နှစ် သုံးနှစ်လောက်အထိ အသင်းက ပြန်ရောင်းမထုတ်ပါဘူး။ "

"ဒါကြောင့် ကျွန်တော်တို့ ရှေ့လျှောက် ဈေးကွက်ထဲ ကစားသမားဝယ်ယူတော့မယ်ဆိုရင် ကစားသမားကိုသေချာရွေးချယ်ဖို့က  အသင်းအတွက် အခြေခံလိုအပ်ချက်ဖြစ်ပါမယ်။ ဒါမှ အသင်းကို ပိုမိုတောင့်တင်းစေမှာပါ။ မဟုတ်ရင် အသင်းအတွက် ပိုတောင် အင်အားနည်းစေပါလိမ့်မယ်။ "

ဘရိုက်တန်နဲ့ ပွဲအတွက် ကွန်တီကတော့ 

"အသင်းရဲ့ လူစာရင်းက ပြည့်စုံနေပါပြီ။ အရင်က ဒဏ်ရာတွေ ရှိခဲ့ရင်တော့ ပြဿနာရှိပါမှာပါ။ အခုတော့ အသင်းက ပိုပြည့်စုံနေပါပြီ။ အသင်းအတွက် ဘာတန်ကာနဲ့ ကူလူဆက်စကီးတို့ကိုလဲ ဖြည့်တင်းခေါ်ယူနိုင်ခဲ့ပါတယ်။ အရင်ထက်တော့ အင်အားတောင့်လာပါပြီ။"

လို့ ကွန်တီက ပြောခဲ့ပါတယ်။ 

#တော့တင်ဟမ် #ကွန်တီ #လိုဆဲလ်ဆို #ကူလူဆက်ဗ်စကီး #ဘရိုင်ယန်ဂီးလ် #ဘန်တန်ကာ #အန်ဒွန်ဘီလီ