ရှေ့သို့
Image

ကာလရှည်ဒဏ်ရာပြဿနာကနေ ပြန်လာနိုင်တော့မယ့် လက်စတာနောက်ခံလူ ဖိုဖာနာ

6:34 PM, 5 February

လက်စတာခံစစ်မှူး  ဝက်စလေဖိုဖာနာတစ်ယောက် ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ကာလရှည်နားနေရာကနေ ဒီလထဲမှာပဲ ပြန်လာနိုင်တော့မယ်လို့ သိရပါတယ်။ ပြင်သစ်ခံစစ်မှူးဟာ ရာသီကြိုကာလတုန်းက ဗီလာရီးရဲလ်နဲ့ ခြေစမ်းပွဲမှာ ခြေချောင်းကျိုးနဲ့ ခြေကျင်းဝတ်အရွတ်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ဒီရာသီတစ်ရာသီလုံးကို မကစားနိုင်ခဲ့ပါဘူး။ 

လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက စတင်ခဲ့ရတဲ့ ဖိုဖာနာရဲ့ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေလည်း အဆုံးသတ်လုနီးပါးဖြစ်နေပြီး လာမယ့် ၁၀ ရက်အတွင်းမှာ ၂၁ နှစ်အရွယ် နောက်ခံလူကို လက်စတာအသင်းသားတွေနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေတာကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ နည်းပြရော်ဂျာကလည်း သူ့အသင်းရဲ့ခံစစ်မှာ ဖိုဖာနာကို လိုအပ်နေကြောင်း ပြောခဲ့ပါတယ်။ 

ရော်ဂျာက “ အားလုံးမြင်ကြတဲ့အတိုင်း သူကအရေးကြီးတဲ့ ကစားသမား တစ်ယောက်ပါ သူ့ကိုဒီတစ်ရာသီလုံး လိုအပ်ခဲ့ပါတယ်။ ရာသီကြိုပွဲတွေတုန်းက တွေ့ခဲ့တဲ့အတိုင်း သူ့ရဲ့အရည်အသွေးက ထိပ်တန်းအဆင့်မှာပါ၊ အထူးသဖြင့် ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်ပေါ့။ ဒဏ်ရာပြဿနာတွေက ကစားသမားတွေအတွက် အရမ်းအရေးကြီးတယ်။ အထူးသဖြင့် အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်တော့ အဆိုးဆုံး အခြေအနေပါ။ 

သူကပြိုင်ဘက်တွေကို ခပ်ကြမ်းကြမ်း ဖျက်ထုတ်တတ်တယ်။ ဒီလိုကစားသမားမျိုး ကျွန်တော်တို့အသင်းမှာ အရမ်းလိုနေတာပါ။ သူကအသက်ငယ်သေးပေမယ့် ကစားပုံကတော့ အရမ်းရင့်ကျက်ပါတယ်။ သူမပါနိုင်တာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ လစ်ဟာမှုပါပဲ ” လို့ ပြောခဲ့ပါတယ်။

ဖိုဖာနာအပြင် ဂျေမီဗာဒီ၊ ဂျွန်နီအီဗန်၊ တီမိုသီကတ်စတိန်းနဲ့ ရီကာဒိုပါရဲယားတို့အားလုံး ဒဏ်ရာပြဿနာတွေကြောင့် တနင်္ဂနွေနေ့မှာ ကစားရမယ့် နော့တင်ဟမ်ဖောရက်စ်နဲ့ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်ကို လွဲချော်ကြမှာ ဖြစ်ပါတယ်။ ဝီဖရက်အန်ဒီဒီနဲ့ ကီလီချီအီဟီယန်နာချိုတို့ကတော့ အာဖရကိကနိုင်ငံများပြိုင်ပွဲကနေ ပြန်လာကြပါပြီ။ နမ်ပလေမန်ဒီကတော့ ဆီနီဂေါအသင်း ဖိုင်နယ်တက်သွားတာကြောင့် ကင်မရွန်းမှာ ဆက်ရှိနေပါတယ်။ 

#လက်စတာ #ဖိုဖာနာ #ရော်ဂျာ