ရှေ့သို့
Image

ခေါင်းအေးအေးထားဖို့ အနားယူချိန်ပိုတောင်းခဲ့တယ်ဆိုတဲ့ ရန်နစ်ရဲ့ မှတ်ချက်ကို လင်ဂတ် ငြင်းဆန်ပယ်ချ

9:01 AM, 4 February

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ယူနိုက်တက်အသင်းက သူ့ရဲ့အပြောင်းအရွှေ့ကို တားဆီးခဲ့ပြီးနောက် လင်ဂတ်အနေနဲ့ ခေါင်းအေးအေးထားဖို့ အနားယူချိန်ပိုတောင်းခဲ့တယ်ဆိုတဲ့ ယာယီနည်းပြရန်နစ်ရဲ့ မှတ်ချက်ကို ကာယကံရှင်ဖြစ်သူက ငြင်းဆန်ပယ်ချလိုက်ပါတယ်။

ရန်နစ်က ယနေ့ညကစားရမယ့် မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလားပွဲမှာ လင်ဂတ်မပါနိုင်တဲ့အကြောင်း ရှင်းပြခဲ့ပြီး ဂရင်းဝုဒ် ဖမ်းဆီးခံခဲ့ရပြီးနောက် အသင်းအတွင်း စည်းလုံးစွာနေထိုင်ဖို့ တောင်းဆိုခဲ့ပြီး နာရီအနည်းငယ်အကြာမှာပဲ လင်ဂတ်က လူမှုမီဒီယာမှာ ပြန်လည်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

''လင်ဂတ်က သူ့စိတ်တွေ ရှင်းလင်းသွားစေဖို့ ရက်အနည်းငယ်လောက် ထပ်အနားယူခွင့်ရမလားဆိုပြီး ကျွန်တော်နဲ့ အသင်းတာဝန်ရှိသူတွေဆီ တောင်းဆိုခဲ့ပါတယ်။ တနင်္လာနေ့လောက်ဆိုရင်တော့ သူ ထရိန်နင်ပြန်ဆင်းမှာပါ။ အဲဒီနောက် အသင်းရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြန်လည်ပါဝင်လာမှာပါ''လို့ ရန်နစ်က ပြောခဲ့တာပါ။

ဒါပေမဲ့ လင်ဂတ်က ရန်းနစ်ရဲ့မှတ်ချက်ကို ပယ်ချသွားခဲ့ပြီး သူ့စိတ်က ပွဲကစားဖို့ ရှင်းလင်းနေပြီဖြစ်ကာ အသင်းဘက်ကသာ သူ့ကို ပိုအနားယူဖို့ တိုက်တွန်းခဲ့တာဖြစ်ကြောင်း တုံ့ပြန်ပါတယ်။ ဒါ့အပြင် အသက် ၂၉ နှစ်အရွယ်ရှိ လင်ဂတ်က နယူးကာဆယ်နဲ့ ဝက်စ်ဟမ်း အသင်းတွေဆီ အငှားနဲ့ ပြောင်းရွှေ့မှု အဆင်မပြေမဖြစ်ခင် ဇန်နဝါရီလအတွင်း အသင်းမှာ ဆက်ကစားဖို့ သူ ဆန္ဒရှိခဲ့တယ်ဆိုတဲ့ ရန်နစ်ရဲ့မှတ်ချက်ကိုလည်း အံ့အားသင့်မိတယ်လို့ ပြောပါတယ်။

''ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်တွေကြောင့် အသင်းဘက်က ကျွန်တော့်ကို အနားပိုယူဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ကတော့ အရှင်းသားဖြစ်နေပါတယ်။ ကျွန်တော်ဟာ အမြဲတမ်း ပရော်ဖက်ရှင်နယ်ပီသသူဖြစ်ပြီး အသင်းဘက်က လိုအပ်ချိန်မှာ ရာနှုန်းပြည့်ပေးဆပ်ကစားဖို့ အသင့်ပါပဲ''လို လင်ဂတ်က ပို့စ်တင်ရေးသားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လင်ဂတ် #အပြောင်းအရွှေ့ #ရန်နစ်