ရှေ့သို့
Image

မစ်ဒယ်ဘရော့နဲ့ ပွဲမှာ ပေါ့ဂ်ဘာ ပါဝင်လာနိုင်တယ်လို့ ရန်နစ် အတည်ပြု

8:47 AM, 4 February

ယူနိုက်တက်ယာယီနည်းပြ ရက်ဖ် ရန်နစ်က ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ ကာလရှည် နားနေရတဲ့ ဒဏ်ရာကနေ ပြန်လာခဲ့ပြီဖြစ်ပြီး ယနေ့ည မစ်ဒယ်ဘရော့နဲ့ပွဲမှာ ပါဝင်လာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ နိုဝင်ဘာလအစောပိုင်း အတ္တလန္တာနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်အပြီး ပြင်သစ်နဲ့ ပူးပေါင်းချိန် ဒဏ်ရာရှိသွားခဲ့ပြီးနောက် ၃လကြာ အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

ရန်နစ်လက်ထက် ပွဲမကစားရသေးတဲ့ ၂၈နှစ်သားဟာ ဇန်နဝါရီလ အစောပိုင်းက ပြန်လာနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ဒဏ်ရာထပ်ရခဲ့တာကြောင့် ပြန်လာချိန် နောက်ကျခဲ့ပါတယ်။ ဒါပေမဲ့ မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလားပွဲစဉ် မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ ရန်နစ်က ပေါ့ဂ်ဘာ ပြန်လာပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ရန်နစ်က “ပေါလ်က အသင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှီနေပြီး ပွဲထွက်လူစာရင်းမှာတောင် ပါဝင်လာနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ပေါ့ဂ်ဘာ ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လီဗာပူးကို ၅ဂိုးပြတ် ရှုံးခဲ့ကာ သူကိုယ်တိုင်လည်း အနီကတ်ထိခဲ့ပါတယ်။ ပြင်သစ်သားဟာ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးသေးတဲ့အတွက်လည်း နွေရာသီအတွက် အနာဂတ်က မရေမရာ ဖြစ်နေပါတယ်။ ပေါ့ဂ်ဘာ ပြန်လာပေမဲ့ ကာဗာနီ၊ လင်ဒီလော့ဖ်၊ ဘိုင်လီ၊ တဲလက်စ်တို့ကတော့ ယနေ့ညပွဲကို လွဲချော်မယ်လို့ ရန်းနစ်က ထုတ်ဖော်ခဲ့ပါတယ်။

“ကာဗာနီက ပြီးခဲ့တဲ့ ပိတ်ရက်ကမှ ပြန်လာခဲ့တာဖြစ်ပြီး အိမ်မှာ ၂ရက်ထပ်နေဖို့ တောင်းဆိုထားတာကြောင့် သူ့ကို ပွဲထွက်လူစာရင်းမှာ ထည့်လို့ မရပါဘူး။ လင်ဒီလော့ဖ်က ဖျားနေပြီး လေ့ကျင့်ခန်း မဆင်းနိုင်ပါဘူး”“ဘိုင်လီက မနေ့ကမှ ပြန်လာတာဖြစ်ပြီး ခြေကျင်းဝတ် ပြဿနာလေး ရှိတာကြောင့် အသင်းမှာ မပါနိုင်ပါဘူး။ တဲလက်စ်က ဘရာဇီးအတွက် ပွဲချိန်ပြည့် ကစားထားတာကြောင့် လုခ်ရှော ပွဲထွက်ပါလိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပေါ့ဂ်ဘာ #ရန်နစ်