ရွိုင်ကိန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပြင်ဆင်နေတဲ့ ဆန်းဒါးလန်း
10:10 AM, 3 February
ဆန်းဒါးလန်းအသင်းဟာ ရွိုင်ကိန်းကို နည်းပြနေရာခန့်အပ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ အသက် ၅၀ အရွယ် ကိန်းဟာ နည်းပြလီဂျွန်ဆင်ထွက်ခွာမှုနဲ့အတူ အသင်းရဲ့နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဘော်လ်တန်အသင်းကို ၆ ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဆန်းဒါးလန်းအသင်းက နည်းပြ ဂျွန်ဆင်ကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဆန်းဒါးလန်းတာဝန်ရှိသူတွေက ၂၀၀၆ - ၂၀၀၇ တုန်းက ပရီးမီးယားလိဂ်ကို တန်းတက်အောင် ကူညီပေးခဲ့တဲ့ ရွိုင်ကိန်းကို ခန့်အပ်ချင်နေပါတယ်။
သတင်းတွေအရ ယူနိုက်တက်ဂန္ထဝင်ဟာ ဆန်းဒါးလန်းနည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ ဖော်ပြနေကြပါတယ်။ အသင်းပိုင်ရှင် ဒရိုင်ဖက်စ် နဲ့ အားကစားဒါရိုက်တာ စပိမန်းတို့က ရွိုင်းကိန်းနဲ့အင်တာဗျူးခဲ့တယ်လို့ သတင်းအချို့က ဆိုပါတယ်။
အိုင်ယာလန်နိုင်ငံသား ရွိုင်ကိန်းရဲ့နည်းပြဘဝအစက ဆန်းဒါးလန်းအသင်းနဲ့စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းပိုင်းရှင်ဟောင်း အဲလစ်ရှော့တ်နဲ့ ပြဿနာတက်ခဲ့ပြီးနောက်မှာ ဆန်းဒါးလန်းနဲ့ လမ်းခွဲခဲ့ပါတယ်။ ရွိုင်ကိန်းဟာ ၂၀၁၁ ခုနှစ် Ipswich အသင်းကို နောက်ဆုံး အကြိမ်နည်းပြခဲ့ပြီး ဘောလုံးကျွမ်းကျင်သုံးသပ်သူအဖြစ် ITV နဲ့ Sky Sports တို့မှာ လုပ်ဆောင်ခဲ့ပါတယ်။